Home သတင်း စစ်ကိုင်းဖိုရမ်မှသည် ပိုမိုစည်းလုံးညီညွတ်သော တော်လှန်ရေးအဖြစ် အောင်မြင်ပါစေကြောင်း KNU ဆန္ဒပြု

စစ်ကိုင်းဖိုရမ်မှသည် ပိုမိုစည်းလုံးညီညွတ်သော တော်လှန်ရေးအဖြစ် အောင်မြင်ပါစေကြောင်း KNU ဆန္ဒပြု

644
Photo Crd. :Sagaing People Defence Force Battalion 3

မေလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာရှင်စနစ်ကိုတော်လှန်ရာတွင် စစ်ကိုင်းဖိုရမ်မှသည် ပိုမိုစည်းလုံးညီညွတ်ပြီး ချိတ်ဆက် နားလည်မှုကောင်းကောင်းဖြင့် စည်းကမ်းရှိသော တော်လှန်ရေးအဖြစ် အောင်မြင်ပါစေကြောင်း ဆန္ဒပြုသည်ဟု ယနေ့ပေးပို့သော ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ စစ်ကိုင်းဖိုရမ်ကျင်းပခြင်း တစ်နှစ်ပြည့်တွင် သဝဏ်လွှာတွင် ဖော်ပြထားသည်။

မေလ(၃၀)ရက်နေ့တွင် ကျရောက်သည့် စစ်ကိုင်းဖိုရမ်စတင်ကျင်းပသော တစ်နှစ်ပြည့်မြောက်သည့် နေ့တွင် KNU က သဝဏ်လွှာပေးပို့ထားခြင်းဖြစ်ပြီး စစ်ကိုင်းဖိုရမ်မှသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး စစ်ရေး၊ နိုင်ငံရေးနည်းလမ်းဖြင့် တော်လှန်ကြစေလိုကြောင်းလည်း KNU က တိုက်တွန်းထားသည်။

ထို့အပြင် ပထမအကြိမ် ဖိုရမ်ကျင်းပခြင်းမှသည် ဖိုရမ်အတွင်းပါဝင်သော အစုအဖွဲ့များ၏ကြိုးပမ်းမှုဖြင့် ဒုတိယအကြိမ်ဖိုရမ်ကျင်းပပြီးနောက် စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် စစ်ကိုင်းတိုင်းရှိတော်လှန်ရေးအင်အားစုများအကြား တိုးတက်မှုနှင့် ဟန်ချက်ညီမှုများကို တွေ့မြင်ရသည်ဟု KNU က ပြောဆိုသည်။

ထို့ကြောင့် ပို၍စည်းလုံးညီညွတ်သောအင်အားစုများပေါ်ပေါက်လာရန် ဆွေးနွေးညှိနှိုင်းခြင်း၊ လေးစား နားထောင်ပေးခြင်းဖြင့် ပိုမိုစနစ်ကျသော လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ် ရေးနှင့် ကာကွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ကြရန် KNU က သဝဏ်လွှာတွင် ဖော်ပြထားသည်။

KNU အနေဖြင့်လည်း အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဟူသမျှနှင့် မဟာလူမျိုးကြီးဝါဒအဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့တွင် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူလက်တွဲ အကောင်အထည်ဖော်ရန် အသင့်ရှိနေကြောင်း သဝဏ်လွှာအတွင်း ရေးသားဖော်ပြထားသည်။

Photo Crd. :Sagaing People Defence Force Battalion 3

စစ်ကိုင်းတော်လှန်ရေးအစုအဖွဲ့များအကြား စစ်ရေးနှင့်နိုင်ငံရေး ပေါင်းစပ်ညှိနှိုင်းမှုအားကောင်းလာ စေရန်နှင့် ဖက်ဒရယ်ယူနစ်တစ်ခုပေါ်ပေါက်လာစေရန် ၂၀၂၃ ခုနှစ်၊ မေလ(၃၀)ရက်နေ့က စစ်ကိုင်း ဖိုရမ်ကို ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလပိုင်းတွင် ဒုတိယ အကြိမ် ဖိုရမ်ကို ကျင်းပ၍ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဖိုရမ်အနေဖြင့် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကို ဖွဲ့စည်း၍ ပြည်သူလူထုကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ခဲ့သလို ရှေ့ဆက် လူထုအခြေပြုနိုင်ငံ ရေးနှင့်တော်လှန်ရေးလုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏တစ်နှစ်ပြည့်ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းဖိုရမ်သည် စစ်ကိုင်းတော်လှန်ရေးအင်အားစု (၁၀၀)ကျော်နှင့် CDM တက်ကြွလှုပ်ရှားသူများ၊ သပိတ်ကော်မတီဝင်များအပြင် လေ့လာသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသော အမြင်သဘောထား စုစည်းတင်ပြသည့် ဆွေးနွေးတိုင်ပင်မှု စကားဝိုင်းတစ်ခုဖြစ်သည်။

စစ်ကိုင်းဖိုရမ်၏တစ်နှစ်ပြည့်အခမ်းအနားသို့ KNU အပါအဝင် အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ-NUCC နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ကလည်း ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။