Home သတင်း ကျုံဒိုးမြို့ကျေးရွာမှ ကော့ကရိတ်မြို့ဘက်အထိ စစ်တပ် စစ်ကြောင်းဝင်ရောက်လာနေ၍ ဒေသခံများ သွားလာရေးအခက်ကြုံ

ကျုံဒိုးမြို့ကျေးရွာမှ ကော့ကရိတ်မြို့ဘက်အထိ စစ်တပ် စစ်ကြောင်းဝင်ရောက်လာနေ၍ ဒေသခံများ သွားလာရေးအခက်ကြုံ

915
Photo: CJ

မေလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ချောင်းဖျားကျေးရွာမှ ကော့ကရိတ်မြို့အနီး မြပတိုင်၊ ရင်ခွဲတောင်၊ နဘူး၊ နောင်တပွဲရွာများဘက်အထိ စစ်ကောင်စီတပ် စစ်ကြောင်းဖြန့်တက်လာပြီး ကျေးရွာ ချင်းဆက်လမ်းပိုင်း နေရာများတွင် ကင်းပုန်းဝပ်၊ တပ်ဖျောက်နေရာယူထားမှုများကြောင့် ဒေသခံများ ဝင်ထွက်သွားလာရေးအတွက် အခက်ကြုံနေရကြောင်း သိရသည်။

ဒေသခံ ရွာသားတစ်ဦးက “ ၃ ရက်လောက်ရှိပြီ ကျုံဒိုးကစစ်တပ်နဲ့ ကော့ကရိတ် စကခ-၁၂ ဘက်က စစ် တပ်တွေ ချောင်းဖျား၊ နောင်တပွဲ၊ ရင်ကွဲတောင်၊ မြပတိုင်၊ ကျုံဘိုင်း၊ နောင်ကိုင်း ဘက်ကနေ ဒေါန တောင်လမ်းအောက်ဘိုတဲ ဘက်အအထိ စစ်ကြောင်းထိုးဝင် နေတာတွေရှိနေတယ်။ ရွာသားခြံတွေ ထဲ ကင်းပုန်းဝပ်ပြီး၊ တပ်ဖျောက်ပြီးနေနေကြတယ်။ အဲ့တော့ ခြံထဲမဆင်းရဲဘူး၊ သွားလာရင်းဖမ်းပြီး စစ်ဆေး နှိပ်စက်တာမျိုး လုပ်မယ်မလုပ်ဘူးဘယ်သူမှ ကြိုမသိဘူး။ ရွာလူကြီးတွေကိုလည်း သူတို့အကြောင်း မကြားဘူး” ဟု ပြောသည်။

လတ်တလော ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်၊ BGF-ကရင်နယ်ခြားစောင့်တပ် ၊ KNLA /PC (ကရင်ငြိမ်းချမ်းရေးကောင်စီ)တပ်များက တံတားလုံခြုံရေး၊ လမ်းလုံခြုံရေးအတွက်ဟုဆိုကာ ဂိတ်ချနေရာယူထားလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“အခုက တောင်ပါ်လမ်းတွေက လမ်းဟောင်းဘက်ကနေကုန်ကားတွေ ဆင်းနေတော့ သူတို့က အဲဒီကုန် ကားလမ်းကြောင်းဘက်ကနေ ကော့ကရိတ်မြဝတီဘက်ကို နယ်မြေရှင်းဖို့ ထပ်တက်လာတဲ့ ပုံစံပေါ့၊ ကော့ကရိတ်မြောက်ပိုင်းဘက်က ကရင်တပ်၊ PDF တပ်တွေကို ရှင်းလင်းမယ့် ပုံစံတပ်ဖျောက် လိုက်၊ တစ်ရွာနားကပ်လာလိုက်၊ အဲပုံစံမျိုးလုပ်နေတော့ တိုက်ပွဲဖြစ်မယ့်သဘော ဖြစ်နေတယ်”ဟု ထီဖိုးစံရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကျုံဒိုး၊ ကော့ကရိတ်ဒေသအတွင်း ယခုရက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာမှုများ ဆက်ရှိနေသလို မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်နေရာဘက်တွင်လည်း စစ်ကောင်စီ အောင်ဇေယျစစ်ဆင်‌ရေး စစ်ကြောင်း များနှင့် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ် ပွားနေကြောင်းစစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။