Home သတင်း သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင် ဂေဘားတပ်မတော် သင်တန်းဆင်းအချို့အား နေရာချထား

သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင် ဂေဘားတပ်မတော် သင်တန်းဆင်းအချို့အား နေရာချထား

1081
Photo: CJ ( သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်စစ်သင်တန်းကျောင်း)

မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် သံတောင်-တောင်ငူလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင် စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားသော ဂေဘားတပ်မတော်မှ သင်တန်းဆင်းလာသူအချို့အား နေရာချထားကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်ခေါင်းဆောင်အချို့၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကတည်းက လိပ်သို ဒေသရှိ ကျေးရွာများတွင် ဂေဘားတပ်မတော် အမည်ခံကာ ဒေသခံများအား မက်လုံးပေးစည်းရုံး၍ တပ်သားစု ဆောင်းခဲ့ပြီးနောက် စစ်သင်တန်းပေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါအဖွဲ့၏ စစ်သင်တန်းပထမအသုတ်မှ သင်တန်းဆင်းလာသူအချို့ကို စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ခြင်းအပြင် သံတောင်-တောင်ငူလမ်း (၇)မိုင်ခွဲရှိ စစ်တပ်ဂိတ်တွင်လည်း နေရာချထားသည်ဟု KNU တပ်မဟာ(၂) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပထမ သင်တန်းပေးတဲ့လူတချို့ကို ရှေ့တန်းပို့လို့ရောက်တဲ့သူက ရောက်နေကုန်ပြီ။ ၇ မိုင်လမ်းခွဲ က စစ်တပ် ဂိတ်မှာလည်း တချို့တွေဂိတ်စောင့်နေတယ်လို့ သတင်းရတယ်။ ဟိုတစ်ခါ ကျနော်တို့ KNU က စာထုတ်ပြီး ကတည်းက ဦးစီးဦးဆောင်တဲ့ခေါင်းဆောင်တွေကို KNU နဲ့ လာတွေ့ပါလို့ပြောထားတာ အခုထိ ရောက်မလာ သေးဘူး။ ရွာတွေမှာတော့ သူတို့ဆက်စည်းရုံးရေးဆင်းတာမရှိတော့ဘူး” ဟု ၎င်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၏ စာထုတ်ပြန်သတိပေးမှုပြီးနောက် အဆိုပါတပ်သားစုဆောင်းမှုများ ရပ်တန့်သွားခြင်းဖြစ်ပြီး စစ်ကောင်စီက တာဝန်ချထားပေးခြင်းမရှိသဖြင့် လက်ရှိအချိန်ထိ မိမိတို့နေအိမ်တွင် မိသားစုများနှင့် အတူပြန် နေကြသော သင်တန်းဆင်းဒေသခံများလည်းရှိသည်ဟု လိပ်သိုနယ်ခံများ၏ပြောပြချက်အရ သိရသည်။

နယ်ခံအမျိုးသမီးတစ်ဦးက “ခေါင်းဆောင်တဲ့သူတွေကတော့ သံတောင်-တောင်ငူ-လိပ်သိုလမ်းက စစ်တပ်ဂိတ်မှာ ပြန်နေတယ်လို့ကြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရွာတွေဘက်မှာ KNU တွေရှိတယ်လေ ။ ရှိတဲ့အခါကျ တော့သူတို့က လာလာအခြေအနေကြည့်တာ။ ကျမတို့အောက်ဘက်ကရွာကလူတွေကတော့ သင်တန်းဆင်းပြီး သူတို့မိသားစုနဲ့ပြန်နေကြတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် တပ်မဟာ(၂) ကေအဲန်ယူဘက်ကလည်း ရေသိုးကြီး၊ နန်းချိုအထက်ရွာ စသော ကျေးရွာများတွင် ဂေဘားတပ်မတော်တက်ရန် စာရင်းပေးသွင်းခဲ့သူများအား ခံဝန်ကတိလက်မှတ်ရေးထိုး၍ သတိပေးမှုများ ပြုလုပ်ခဲ့ပြီး လူစုဆောင်းရေးဦးဆောင်ပြုလုပ်သူများ၏ လှုပ်ရှားမှုအခြေအနေကို ဆက်လက်စောင့်ကြည့် နေကြသည်ဟု ဆိုသည်။

“အဲဒီတုန်းက KNU ဘက်က သင်တန်းပါသွားသူတွေရဲ့မိသားစုတွေကို ပြောတယ်။ ပြန်မလာရင်တော့ အထုပ် တွေပိုက်ပြီးလိုက်သွား၊ မဟုတ်ရင်ပြန်ခေါ်ဆိုပြီး။ သင်တန်းတက်ရမှာ နှစ်ပတ်ပဲဆိုပြီး တော်တော်ကြာ သွားတာ နောက်မှရွာပြန်လွှတ်တယ်။ နောက်တစ်သုတ်ထပ်ခေါ်တော့ လူတွေမသွားကြတော့ဘူး။ KNU က လူငယ်တွေကို ခံဝန်ထိုးခိုင်းတာလည်းရှိတာကိုး။” ဟု အထက်ပါ နယ်ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လိပ်သိုနယ်တဝိုက် စည်းရုံးရေးလုပ်ဆောင်ရာတွင် သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများကို အသိပေးခြင်းမရှိဘဲ ဂေဘား အမည်ခံကာ စစ်ကောင်စီကိုနောက်ကွယ်ထားသော လုပ်ရပ် များသည် မျိုးနွယ်တစ်ခုလုံး၏ပုံရိပ်ကိုကျဆင်းစေသလို အရှက်ရဖွယ်ရာဖြစ်သည်ဟုလည်း ဒေသခံရပ်မိရပ်ဖများက ကန့်ကွက်ရှုတ်ချထားကြသည်။

အလားတူ စစ်မှုထမ်းဥပဒေအကြောင်းပြ တပ်သားစုဆောင်းမှုနှင့် စစ်သင်တန်းပေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီသည် လတ်တလော ဖြစ်ပွားနေသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တိုက်ပွဲများ တွင်လည်း မကြာသေးမီကမှ စစ်သင်တန်းဆင်းလာသော တပ်ဖွဲ့ဝင်သစ်များကို အသုံးပြု တိုက်ခိုက်ခိုင်းခြင်း လည်းရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။