Home သတင်း သထုံနှင့် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရ

သထုံနှင့် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရ

364
Photo: KNU

မေလ ၂၀ ရက်၊၂၀၂၄ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် မေလ ၁၇ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

ဘီးလင်း သံတားကင်းဂိတ်စခန်းရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ−၈)တပ်ရင်းတပ်ဖွဲ့များနှင့် သထုံမြို့နယ် သိမ်ဆိပ်တိုက်နယ် ဝင်းပကျေးရွာရှိ ခြေမြန်တပ်ရင်း (ခမရ−၉)တပ်ရင်းစခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖိုးဝါးသိမ်နှင့် သုံးအိမ်စုကျေးရွာအတွင်းသို့ ကျည် ၈ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၁၄) နှစ်အရွယ် စောထူးကပေါ်၊ အသက် (၄)နှစ်အရွယ် နော်ပေါက်ပေါက်၊ အသက် (၄၂)နှစ်အရွယ် စောပဲ့ဖိုး၊ အသက် (၃၅)နှစ်အရွယ် နော်အိဖြူတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းစစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် စောအပေ၊ ဖားမီး၊ အိဖြူ တို့၏ နေအိမ်များ နှင့်နော်အိဖြူပိုင်သည့် သုံးဘီးဆိုင်ကယ် (၁)စီးလည်း ထိခိုက်ပျက်စီးခဲ့သလို ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များလည်း ပျက်စီးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုဒေသခံတစ်ဦးက “တစ်နေ့က လက်နက်ငယ်သံတွေတော့ အကြာကြီးကြားရတယ်။ ရွာဘက်တွေကတော့ လူတွေမရှိကြတော့တာများတယ်။ ကိုင်းဘက်တွေပဲ အခြေအနေ ကြည့်ပြီး ရှောင်နေတယ်။ စစ်တပ် စခန်း ကုန်းကနေပစ်သံကြားတာနဲ့ ကလေးတွေကအစ ကျင်းပုန်းထဲဝင်ခိုင်းရတယ်။ အိမ်တွေလည်းထိတဲ့အိမ်ကထိပေါ့။ ရာဘာခြံထဲကိုလည်း ကျည်တွေကျတော့ ဘယ်သူမှ သွားမရဲကြတော့ဘူး”ဟုပြောသည်။

ပြီးခဲ့သည့် မေလ (၁၁)ရက်မှ (၁၃)ရက်နေ့အထိတွင်လည်း စစ်ကောင်စီတပ်၏ (အမတ-၃၁၄)၊ (ခမရ-၉)နှင့် (ခလရ-၈) တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီးအလုံးရေများစွာ ပစ်ခတ်ခဲ့ခြင်းကြောင့် သထုံမြို့နယ် ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်ကျေးနယ်ရှိ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၃)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ ့သည့်အပြင် လူနေအိမ် (၂၃)လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ခဲ့သေးသည်။