မေလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များ ထိန်းချုပ်ရာ ရွှေ ကုက္ကိုလ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထုတ်ပေးသည့် နေထိုင်ခွင့်ထောက်ခံစာ လက်မှတ်ပြုလုပ်ပြီးမှသာ ဝင်ထွက်သွားလာခွင့်ပြုကြောင်း ရွှေ့ကုက္ကိုလ်တွင် အလုပ်လုပ်နေသူများက ပြောသည်။
ရွှေကုက္ကိုလ်သို့ သွားရောက်လိုသူများအနေဖြင့် အုပ်ချုပ်ရေးမှူးရုံးတွင် ၁ လသက်တမ်း၊ ၃ လသက်တမ်းနှင့် ၁ နှစ် သက်တမ်းဟူ၍ အမျိုးအစားအလိုက်လက်မှတ်ကို ပြုလုပ်ပြီးမှသာလျှင် ဝင်ထွက်သွားလာနေထိုင်ခွင့် ရရှိ ကြောင်း အမည်မဖော်လိုသူ တရုတ်ကာစီနိုလောင်းကစားရုံတွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။
၎င်းက “ရွှေကုက္ကိုလ်အထဲ ဝင်ရင်နေထိုင်ခွင့်စစ်ကြတယ်။ နေထိုင်ခွင့်မရှိရင်ရွှေကုက္ကိုလ်ထဲဝင်လို့မရဘူး။ အဲ့ တာရှိရင်မှသွားလို့လာလို့ရတယ် မရှိရင်မရဘူး။ မှတ်ပုံတင်နဲ့ဓာတ်ပုံပဲလိုတယ်။ နေထိုင်ခွင့်လက်မှတ်ရှိမှ ဝင်လို့ရ တယ်။ ကုက္ကိုလ်သွားမဲ့လူအကုန်လုံးလုပ်ရတယ်။ တစ်လစာလည်း လုပ်လို့ရတယ်။ တစ်နှစ်စာလုပ်မယ်ဆိုရင် ဘတ် ၁၅၀၀ ပေးရတယ်။ ၃ လစာကို ဘတ် ၁၂၀ ရှိတယ်။ နေထိုင်ခွင့်စာရွက်မရှိဘူးဆိုရင် ဂိတ်ဝမှာပဲ ထားထားတယ် မပေးဝင်ဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် နေထိုင်ခွင့်လက်မှတ်ကိုပြုလုပ်ရာတွင် မြဝတီနယ်စပ်နေရာများမှ ကုက္ကိုလ် အတွင်းရှိအသိမိတ်ဆွေ၊ တရုတ်ကုမ္ပဏီသူဌေးများကို အွန်လိုင်းပေါ်မှတစ်ဆင့် မှတ်ပုံတင်နှင့် ဓာတ်ပုံပို့ပေးရပြီး ရွှေကုက္ကိုလ် အုပ်ချုပ်ရေးမှူးရုံးမှ လက်မှတ်ပြုလုပ်မှု ပြီးစီးမှသာလျှင် စစ်ဆေးရေးဂိတ်သို့သွားရောက်၍ လာရောက်ရသည်ဟု အဆိုပါ ကာစီနို အလုပ်သမားက ဆက်ပြောသည်။
ရွှေကုက္ကိုလ်သို့ သွားရောက်ရာတွင် လမ်းပိုင်းတစ်လျှောက်စစ်ဆေးမှုနှင့် တရုတ်နိုင်ငံသားများ၏ လတ်တလော သွားလာ လှုပ်ရှားမှုအခြေအနေနှင့်ပတ်သက်ပြီး တရုတ်ဆိုက်လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောပြသည်။
“ ဂိတ်ကအများကြီးပဲ။ စစ်တာက ကျောင်းဆရာဂိတ်နဲ့ ရေပူနည်းနည်းကျော်လို့ရှိရင် ဂိတ်တစ်ဂိတ်ရှိတယ်။ ပြီးရင် သဲပုံဂိတ်ရယ်၊ ရွှေကုက္ကိုလ်ဝင်မဲ့ဂိတ်ကြီးတစ်ဂိတ်ရယ်ပဲစစ်တယ်။ ကျန်တဲ့ဂိတ်တွေ ကတော့ မှတ်ပုံတင်နဲ့ နေထိုင်ခွင့် ဆင်းပြရတယ်။ တရုတ်တွေကတော့နေထိုင်ခွင့် လုပ်စရာမလိုဘူး။ တရုတ်ကတော့ သူတို့လမ်း ကြောင်း အချိတ်အဆက်နဲ့ သွားကြတယ်။ သူတို့ကတော့ ပိုက်ဆံပေး လိုက်ရင်ရပြီး။ တချို့တွေဆို အဖွဲ့အ စည်းတွေကို ပိုက်ဆံပေးထားတော့ သူတို့ လိုက်ပို့တယ်။ ရွှေကုက္ကိုလ်က တရုတ်တွေကအဖွဲ့အစည်းတွေကို ပိုက်ဆံပေးပြီး သွားကြတာများတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ပြီးခဲ့သည့် မေလ(၃)ရက်နေ့ကလည်း ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ အွန်လိုင်း (Online) ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် ယခုမေလမှ စတင်ကာ အောက်တိုဘာ လကုန်အထိ နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် BGF က သတိပေး စာထုတ်ပြန်ထား သော်လည်း တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာမှု ရှိနေဆဲဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။


















