မေလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ဌာနေလက်နက်ကိုင်အဖွဲ့ပေါင်းစုံက တပ်ဖွဲ့ဝင်များ၏ မြဝတီ ခရိုင်အတွင်း ကျွန်းစိုက်ခင်းနှင့် ကျွန်းသစ်တောမှ သစ်ပင်များကို ခုတ်လှဲရောင်းချနေခြင်းကြောင့် ကျွန်းသစ်ပင်များ ပျက်စီးမှု ပိုများလာနေကြောင်း မြဝတီသစ်တောဌာနဝန်ထမ်းဟောင်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ စစ်တပ်အာဏာမသိမ်းခင်က မြဝတီမြို့ပြင်နဲ့ညီနောင်၊ ဗျူဟာ၊ ၃၅၅၊ ၃၅၆ နဲ့ မြို့ထဲက ကြံခင်း ကျွန်းတော၊ သရက်တော၊ အမှတ်၅ အဲ့ဒီနေရာတွေမှာ ကျွန်းတောတွေ၊ စိုက်ထားတဲ့ကျွန်းပင်တွေ ၁၀ နှစ် နှစ် ၂၀ နဲ့ စစ်တပ် ဝင်းတွေထဲကဆိုရင် လုံးပတ် ၆ ပေကျော်၊ ၁၀ ပတ်လည်အပင်ကြီးတွေ ရှိတယ်။ အခု ၃ နှစ်အတွင်း အကုန်ခုတ်ပြီးရောင်းစားကုန်ပြီ။ ”ဟု ပြောသည်။
အဆိုပါ ကျွန်းတောများကို စစ်တပ်အပါအဝင် ဌာနေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သစ်စက် သမားများနှင့် သစ်ပွဲစားများပူးပေါင်း၍ ခုတ်လှဲရောင်းစားကြခြင်းဖြစ်ကြောင်းလည်း ၎င်းသစ်တော ဝန်ထမ်း ဟောင်းက ဖြည့်စွက် ပြောဆိုသည်။
ယခင်က မြဝတီမြို့ရှိ ကျွန်းသစ်တော စိုက်ခင်းနေရာများတွင် ကျွန်းပင်ရေ ထောင်ချီ စိုက်ပျိုးထူထောင်ထားသည့် သစ်တောဌာန ကြိုးဝိုင်းမြေ နေရာများတွင် ကရင်လက်နက်ကိုင်အဖွဲ့၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များမှ မြေနေရာရှင်းလင်းသိမ်းယူပြီး ရပ်ကွက်ဖော်ဆောင် မြေကွက်ရောင်းချခြင်း၊ သစ်တောသစ်ပင်များခုတ်လှဲ ရောင်း စားခြင်းများ ယခုစစ်တပ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း ပိုမိုလုပ်လာနေကြောင်း မြို့ခံများက ပြောသည်။
“အရင်က အောင်မြေရွှေဘုံ ရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ ရွှေမြစန္ဒီရပ်ကွက်၊ ကျောက်လုံးကြီး တိုးချဲ့ရပ်ကွက်၊ ကြံခင်းကျွန်းတောရပ်ကွက်၊ အမှတ် ၅ သရက်ပင် ရပ်ကွက် ၊ အဲသလိုကျူးကျော်ရပ်ကွက်သစ်တွေ ပေါ်လာတယ်။ အဲဒီနေရာတွေက သစ်တောမြေတွေ၊ မြေလွတ်မြေရိုင်းတွေ၊ သစ်တောတွေ အရင်ကပေါ့။ အခုက တော့ ကရင် အဖွဲ့အစည်းတွေ မြို့က မြေယာ၊ မြေကွက်ပွဲစားတွေ၊ စစ်တပ်ရဲ့ ထွေအုပ်တို့ မြေစာရင်းတို့ ပေါင်းပြီး အကွက် တွေယူကုန်တော့ သစ်ပင်တွေ မရှိတော့ဘူး။ ”ဟု မြဝတီ မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ မြဝတီမြို့တွင် စစ်တပ်နှင့် လက်အောက်ခံ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများက မြို့အုပ်ချုပ်ရေး လုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအား လည်ပတ်လုပ်ဆောင်နေဆဲဖြစ်သည်။ မြို့ပြင်ပတ်ဝန်းကျင် စစ်ရေးနှင့် လုံခြုံရေးကိစ္စများကို BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA -PC ၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်-DKBA တပ်ဖွဲ့များက စစ်တပ်ရှေ့တန်းရုံးနှင့် ပူးပေါင်းကာ လုံခြုံရေး ကင်းပတ်မှုလုပ်ဆောင်ပေးနေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။