Home သတင်း ဒူးပလာယာခရိုင်အကျဉ်းထောင်မှ ထောင်တစ်သက်ကျသူ နှစ်ဦးအပါအဝင် ၆ ဦး ထောင်ဖောက်ထွက်ပြေး

ဒူးပလာယာခရိုင်အကျဉ်းထောင်မှ ထောင်တစ်သက်ကျသူ နှစ်ဦးအပါအဝင် ၆ ဦး ထောင်ဖောက်ထွက်ပြေး

974
Photo: KNU

မေလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ (၆)နယ်မြေ၊ ခရိုင်အကျဉ်းထောင်တွင် မေလ ၁၇ ရက်နေ့က ထောင်တစ်သက်ကျသူနှစ်ဦးအပါအဝင် စုစုပေါင်း (၆) ဦး ထောင်ဖောက် ထွက်ပြေးသွားခဲ့သည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ထောင်ဖောက်ထွက်ပြေးသည့် အကျဉ်းသား ၆ ဦးအနက် (၃)ဦးမှာ ပြန်လည်ဖမ်းဆီးရမိပြီး ကျန်သည့် ထောင်ဒဏ်နှစ်ရှည် ကျသူ(၃)ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ၃ ဦးကိုတော့ A1 ရေတံခွန်မုဒ်ဝမှာ ပြန်ဖမ်းမိတယ်။ လမ်းကြောင်းရှိသမျှ နယ်ဘက်၊ တပ်ဘက်ဂိတ် တွေကို သတင်းပို့ထားတယ်။ သူတို့က ကားစီးပြီး သုံးဆူဘက် ကိုတက်တာကိုး။ ဓာတ်ပုံနဲ့တကွ သတင်းပို့ထားပြီး ကားတွေပါ တားဆီးတော့ မိတာပဲ။ နှစ်ကြီးတွေက ကားစီးပုံမရဘူး။ သုံးဆူမတက်ဘဲ အောက်လမ်း ဘက်လမ်းတွေရွေးချယ်တာလည်း ဖြစ်နိုင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအကျဉ်းသားများသည် မေလ(၁၇) ရက်နေ့၊ ည ၁၂နာရီဝန်းကျင်အချိန်ခန့်တွင် အကျဉ်းထောင်သံတိုင်များကို တွန်းတိုးကာ ဖောက်ပြေးသွားခြင်းဖြစ်ပြီး ထိုင်းနယ်စပ်ဘက်သို့ ဦးတည်ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း ဒူးပလာယာခရိုင် တာဝန်ရှိသူများက ပြောသည်။

ထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံ(၃)ဦးမှာ ဝင်းရေးမြို့နယ် လွှတ်ရှမ်းကျေးရွာနေ အသက်(၅၃)နှစ်ရှိ ထောင်တစ်သက်ကျခံထားသည့် ကိုလှထွန်း၊ ကျုံဒိုးမြို့နယ် ဖားဘုတ်ရွာနေ အသက် (၃၇)နှစ် ထောင်တစ်သက်ကျခံထားသည့် စောသန်းအေးနှင့် ဘုရားသုံးဆူမြို့ ရပ်ကွက်(၂)နေ အသက် (၅၆)နှစ် ထောင်(၁၀)နှစ်ကျခံထားသည့် ဦးစန်းမောင်တို့ဖြစ်ကြောင်း သိရသည်။

ယခုထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံ ၃ ဦးသည် သက်ငယ်မုဒိမ်းမှုအပါအဝင် လူသတ်မှုကြောင့် နှစ်ရှည်ထောင်ကျခံရသူများဖြစ်ပြီး ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်တုန်းကလည်း ခရိုင်အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချခံရသူအချို့သည် အပြင်ရှိ အလုပ်ကြမ်းထွက်လုပ်နေစဉ် အလားတူ ထောင်ဖောက်ထွက်ပြေးခဲ့ဖူးသည့်ဖြစ်စဉ်ရှိကာ လွတ်မြောက် သွားသူရှိသလို ပြန်လည်ဖမ်းဆီးရမိသူလည်းရှိကြောင်း ခရိုင်တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။