ကျားဖြန့်လုပ်ငန်းအပေါ် BGF ခေါင်းဆောင် ဗိုလ်မှူး စောတင်ဝင်းရှင်းလင်းချက်
————–
‘တရုတ်တွေကို ကျနော်တို့ပြောတယ်၊ ခင်ဗျားတို့ ကျားဖြန့်လုပ်ငန်းလား၊ ဘာလား ဒီမကောင်းတဲ့ အလုပ်ကို ဆက်မလုပ်ဖို့ ပြောတာပေါ့။ ကျားဖြန့်လုပ်ငန်းလုပ်တဲ့သူတွေ ပြန်ထွက်သွားပါပေါ့။ ကျနော်တို့အနေနဲ့ကလည်း ဒီလိုဖြစ်လာမယ်ဆိုတာ သတိမထားခဲ့ဘူးပေါ့လေ။’ ဗိုလ်မှူး စောတင်ဝင်း
လတ်တလော ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေအပေါ် ဝေဖန်မှုများမြင့်တက်နေတဲ့ မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီး BGF တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက အခုလို ရှင်းလင်းထားပါတယ်။
ဒီကျားဖြန့် လုပ်ငန်းကိစ္စဟာ အမှန်တကယ်က ကျနော်တို့လည်း နားမလည်ပါဘူး။ ကျားဖြန့်ဆိုတဲ့ အခေါ် အဝေါ်ဟာ ကျနော်ကိုယ်၌က နားမလည်ဘူးဖြစ်နေတယ်။ အစမှာ တရုတ်တွေက ကာစီနိုလုပ်ငန်းပဲ လာလုပ် ပါမယ်။ ကျနော်တို့လည်း နားမလည်သလို ကစားလည်း မကစားတတ်ပါဘူး။ ရောက်လာတော့ နယ်မြေ၊ နေရာရှိလားလို့ မေးလာပြီး ကျနော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့အခါမှာ ကျနော်တို့ကလည်းပဲ နေရာရှိ တယ် ပြောတာပေါ့။ နေရာအငှားချပေးတယ်ပေါ့လေ။ သူတို့က ကာစီနိုလုပ်ငန်းပဲ လုပ်မယ်ပြောတော့ ကျနော်တို့ လည်း ကာစီနိုလုပ်ငန်းဆိုတာ နိုင်ငံတိုင်းလိုလိုမှာ ရှိတဲ့လုပ်ငန်းဖြစ်တယ်။ အမေရိကန်တို့လို၊ ကန္ဘောဒီးယား၊ ဗီယက်နမ် စတဲ့နိုင်ငံတိုင်းမှာ လုပ်တဲ့အပေါ်မှာ အခက်အခဲတစ်စုံတစ်ရာရှိမလာနိုင်ဘူးလို့ ထင်တယ်ပေါ့နော်။ ကျားဖြန့်ဆိုတာလည်း ကျနော်တို့ မသိဘူး။ သူတို့ ဘာသာသူတို့လုပ်ကြတယ်။
အခုဆို ကျနော်တို့ BGF အဖွဲ့ကိုပဲ ပုတ်ခတ်ပြောဆိုတာတွေ ရှိလာတယ်။ အချို့က ကျနော်တို့အဖွဲ့အစည်း အနည်းငယ် တောက်ပြောင်လာပြီး နည်းနည်းပါးပါးရတာကို မကျေနပ်စိတ်တွေကြောင့်များလား မသိတော့ဘူး။ လေလှိုင်းပေါ်မှာ ကျနော်တို့ကို ပုတ်ခတ်ပြောဆိုတာတွေကတော့ အများကြီးပဲ မပြောတတ်တော့ဘူး။
အဲဒါကြောင့်မို့လို့ တရုတ်တွေကို ကျနော်တို့ပြောတယ်၊ ခင်ဗျားတို့ ကျားဖြန့်လုပ်ငန်းလား ဘာလား၊ ဒီမကောင်းတဲ့ အလုပ်ကို ဆက်မလုပ်ဖို့ ပြောတာပေါ့။ ကျားဖြန့်လုပ်ငန်းလုပ်တဲ့သူတွေ ပြန်ထွက်သွားပါပေါ့။ ကျနော်တို့အပေါ် မကျေနပ်စိတ်တွေ ဘယ်လိုမျိုးရှိလဲတော့ ကျနော်တို့ မပြောတတ်တော့ဘူး။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ သတိမထားခဲ့ဘူးပေါ့လေ။
ဒါက သူများတွေလည်း အများကြီးလုပ်တဲ့ လုပ်ငန်းဖြစ်တယ်။ အခြားနေရာတွေမှာလည်း ရှိခဲ့အခါကျတော့လေ။ အဲဒါကြောင့် တစ်ခုခုဆို ကျနော်တို့ BGF အဖွဲ့ကိုပဲ ပုတ်ခတ်ပြောဆိုကြတယ်။ ဒီအလုပ်မျိုးက လောက်ကိုင် ဒေသမှာပဲဖြစ်ဖြစ်၊ တရုတ်နယ်စပ်ဖက်မှာဖြစ်ဖြစ် လူတွေအများကြီးကို လုပ်ကြပါတယ်။ သူများတွေ လုပ်ငန်းပြန် စပြီး ပြန်လုပ်ကြတယ်။ အခုရွှေတြိဂံနယ်စပ်ဘက်မှာဆို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနားနဲ့ သူများတွေ လုပ်နေကြပါတယ်။ အဲဒီဖက်မှာဆို ကျနော်တို့ထက် အဆပေါင်းများစွာလုပ်နေကြတယ်။ ကျနော်တို့ဆို သူတို့နဲ့ နှိုင်းယှဉ်ရင် နည်းနည်းလေးပဲရှိတယ်။ ပြောရမယ်ဆိုရင် ဒီမှာလုပ်တာ အစွန်းအထွက်နည်းနည်းပါးပါးပဲရှိပါတယ်။ ကြည့်လိုက်ရင် အရမ်းကြီး ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းလည်းမဟုတ်ပါဘူး။ မစဉ်းတတ်တာက ကျနော်တို့ BGF ကို မကျေနပ်ကြတာများလား။ အဲဒါကြောင့် ဘာမှမလုပ်တတ်တော့ဘူး။ ကျနော်တို့လည်း ဘယ်သူ တစ်ဦးတစ်ယောက်၊ ဘယ်အဖွဲ့အစည်းကိုမှ မဆန့်ကျင်ပါဘူး။ ကျနော်တို့လည်း အကောင်းဆုံးကို လုပ်ဆောင်နေပါတယ်။ ကျနော်တို့ကို ပုတ်ခတ်ပြောဆိုတာကိုတော့ ပြောပေါ့။ ကျနော်တို့ လုပ်စရာရှိ တာကိုတော့ လုပ်သွားရပါမယ်။ ဒီအခြေအနေက ဂွကျတယ်။ နိုင်ငံရေးကစားသူအချို့ကလည်း ကျနော်တို့ အပေါ်မှာ အထင်အမြင်လွဲမှားတာတွေရှိတဲ့အပေါ်မှာ ကျနော်တို့ကို ကျားဖြန့်လုပ်ငန်းအပေါ် ပြန်ပုံချတဲ့သဘောပေါ့နော်။ သူတို့ မြင်သလို ပြောနိုင်ပါတယ်။ အခြားဒေသတွေမှာ အများကြီးလုပ်တယ်။ သူတို့မမြင်ကြဘူး။ ကျနော်တို့လုပ်တဲ့ အသေးအမွှားလေးကိုပဲ မြင်ကြတဲ့အခါမှာ ကျနော်တို့လည်း မတတ်နိုင်ဘူး။
နောက်တစ်ခုက တချို့သတင်းတွေမှာပြောတာက မြန်မာမိန်းကလေးတွေ၊ ကရင်မိန်းကလေးတွေ လိင် ဖျော်ဖြေ ရေးလုပ်ငန်းတွေမှာ လာလုပ်ကြတယ်လို့ ပြောကြတယ်။ အဲဒီဟာတွေ တခုမှ မမှန်ပါဘူး။ အဲဒီတရုတ်တွေ နေရာမှာဆို မြန်မာမိန်းကလေးတို့ ၊ ကရင်မိန်းကလေးတို့ လာပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်တာ သူတို့ လက် မခံကြပါဘူး။ မြန်မာနိုင်ငံသားတွေ၊ နယ်ခံပြည်သူတွေ သွားကစားတာ ပိုက်ဆံတွေ အများကြီး ဆုံးရှုံးကြတယ်လို့ သတင်းတွေမှာ ရေးသားကြတယ်။ အဲဒါတွေလည်း တစ်ခုမှ မဟုတ်ပါဘူး။ သူတို့ ကာစီနိုလုပ်ငန်းနေရာမှာ မြန်မာနိုင်ငံသားတွေ လာကစားတာတောင် သူတို့ မကြိုက်ဘူး။ အဆင့်အတန်းမြင့်ပြီး ပိုက်ဆံရှိတဲ့လူပဲ ကစားကြ ပါတယ်။ အဲဒီမှာ ရောက်နေတဲ့ မိန်းကလေးတွေဆို မြန်မာမိန်းကလေးတွေကို သူတို့ မလိုလားဘူး။ ကျနော်သိရ သလောက်ဆို နိုင်ငံခြားက မိန်းကလေးတွေကိုပဲ ခေါ်လာကြတယ်။ တရုတ်၊ ဗီယက်နမ်က မိန်းကလေးတွေပဲ။ အချို့က မသိနားမလည်တော့ လေလှိုင်းပေါ်ကနေပဲ ပေါက်ကရ လိုက်ပြောနေတာရှိတယ်။