Home သတင်း ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် လဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် လဝက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

271
Photo: KNU

မေလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ/ဖာပွန်ခရိုင်တွင် မေလ (၁) ရက်မှ (၁၅) ရက်နေ့အထိ နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ (၁၇) ဦးသေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား ယခု လဝက်အတွင်း တိုက်ပွဲပေါင်း (၄၆) ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေ ဆုံးမှုများခဲ့သဖြင့် ဒရုန်းအပါအဝင် ဂျက်တိုက်လေယာဉ်နှင့် လက်နက်ကြီးများသုံး၍ နီးစပ်ရာ ကျေးရွာ များသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူတြော်ခရိုင်/တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီက တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာများကို ရည်ရွယ် ချက်ရှိရှိဖြင့် လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူပိုင် နေအိမ် (၁၅) လုံးနှင့် စပါးကျီတစ်လုံးထိမှန်ပျက်စီးသွားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိ ကေအဲန်ယူ တပ်မဟာ (၅) အခြေအနေအပေါ် ဖာပွန်ဒေသခံတစ်ဦးက “အရင်လတွေ လောက် တော့ မဆိုးတော့ပါဘူး။ အရင်ရက်တွေဆိုရင် လေယာဉ်ကဆက်တိုက်ကြဲတာ အခုကနည်း နည်းပါးသွား တယ်။ တိုက်ပွဲက ပြောရရင် နားယဥ်နေပြီလေ။ နေတိုင်းအသံကကြားနေရတာပဲ။ ဖုန်းလိုင်း က မမိတစ် ချက်မိတစ်ချက်ဖြစ်နေတယ်။ အခုကတော့ မိုးတွင်းအတွက် အကုန်လုံးပြင်ဆင်နေရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲနှင့််ပစ်ခတ်မှုများဖြစ်ပွားစဥ်က နေရပ်ရှောင်တိမ်းနေကြသော ဒေသခံအချို့သည်လည်း လုံခြုံ ရေးအခြေအနေကြည့်၍ မြို့တွင်း ပြန်လည်နေထိုင်သူများရှိသလို အချို့မှာ တော၊ တောင်များအတွင်း ရှောင်တိမ်းနေထိုင်နေကြသည်ဟုလည်း အဆိုပါဒေသခံက ဖြည့်စွက်ပြောပြသည်။

ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလတွင် တော၊ တောင် များအတွင်း စစ်ဘေး တိမ်း ရှောင်နေရသည့် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အမိုးအကာ လိုအပ်ချက် များရှိနေပြီး တစ်နေ ရာနှင့်တစ်နေရာချိတ်ဆက်မှုရရှိရန် ဆက်သွယ်ရေးလိုင်း များလည်း လိုအပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ကျေးရွာများအပြင် တောင်ယာ စိုက်ခင်းများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမို လုပ် ဆောင် လာသော စစ်ကောင်စီကြောင့် မတ်လအတွင်း တပ်မဟာ (၅) ဒေသ အတွင်း နှစ်ဖက် တိုက်ပွဲပြင်း ထန်ခဲ့ပြီး ဖာပွန်ဒေသခံ စုစုပေါင်း (၁,၆၂၄) ဦးအထိ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ကေအဲန်ယူတပ်မဟာ(၅)ဘက်က ဧပြီလ(၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အလားတူ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဧပြီလတွင် နှစ်ဖက်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၄)ဦး သေဆုံးပြီး (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း KNU ၏ မေလ(၆)ရက်နေ့က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။