ဧပြီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးရှိ ဖားအံစက်မှုဇုန်တွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များ ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ဂိတ်ထိုင်ကာ ဖားအံ-မြဝတီ ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများထံမှ ငွေကြေးကောက်ခံနေကြောင်း ကုန်တင်မော်တော်ယာဥ်မောင်းနှင်သူများက ပြောသ်။
လက်ရှိ ကုန်တင်မော်တော်ယာဥ်ကြီးများ ကားအပြောင်းအလဲပြုလုပ်အသုံးပြုနေသည့် ဖားအံစက်မှုဇုန်နေရာတွင် BGF က ဂိတ်ထိုင်၍ ကုန်တင်ကားတစ်စီးလျှင် မြန်မာကျပ်ငွေသောင်းဂဏန်းအထိ ငွေကြေး ကောက်ခံနေခြင်းဖြစ်သည်ဟု ဖားအံ-လှိုင်းဘွဲ မော်တော်ယာဥ်မောင်းနှင်သူ တစ်ဦးက ပြောသည်။
“ထီလုံနားက ဖားအံစက်မှုဇုန်၊ ကားဝင်းကြီးလုပ်ထားတဲ့နေရာမှာ BGF က တစ်ပတ်လောက်ရှိပြီ ဂိတ်ထိုင်ပြီး ပိုက်ဆံကောက်တာ အရင်ကအဲ့ဂိတ်မရှိဘူး။ တစ်စီးကို တစ်သောင်းဆိုတစ်သောင်း နှစ်သောင်းဆိုနှစ်သောင်း ပိုက်ဆံပေးရတယ်ကြားတယ်။ သတ်သတ်မှတ်မှတ်တော့မရှိဘူးပေါ့၊ ကားသေးတွေကျတော့ မကောက်ဘူး။ အရင်ဂိတ်လေးတွေက ကွမ်းဖိုးလေး ၅၀၀, ၁၀၀၀ လောက်ပေးလိုက်ရင်ရသေးတယ်” ဟု အဆိုပါ ယာဥ်မောင်းက ပြောသည်။
ဧပြီလ ဒုတိယအပတ်က မြဝတီသို့တက်မည့် စစ်ကောင်စီယာဥ်တန်းများပြားမှုကြောင့် ထို့ကော်ကိုးလမ်းပိုင်းသို့ ကုန်တင် ခရီးသည်တင်မော်တော်ယာဥ်များအား ဖားအံဘက်အခြမ်းမှ ပိတ်ထား လိုက်သည့်အခြေအနေများဖြစ်ပွားခဲ့ပြီးနောက် ယာဥ်မောင်းအများစုမှာ ကြက်ဥတောင်လမ်းကိုပိုမိုအသုံးပြုလာကြခြင်းဖြစ်သည်။
“မြဝတီဘက်တက်တဲ့ ကုန်ကားကြီးတွေကိုစစ်တာ ငွေကောက်တာလည်းကြားတယ် ။ ဘယ်လောက်ကောက်သလဲတော့ ကျနော်လည်းအတိအကျမသိရဘူး” ဟု BGF တပ်ဖွဲ့များ ဂိတ်ထောင်၍ ငွေကြေးကောက်ခံသည့်အခြေအနေနှင့်ပတ်သက်၍ နောက်ထပ်မော်တော်ယာဥ်မောင်းနှင်သူတစ်ဦးကလည်း အတည်ပြုပြောသည်။
ဖားအံမြို့နှင့် (၇)မိုင်အကွာ ဖားအံ-လှိုင်းဘွဲကားလမ်းနံဘေးတွင်ရှိသော အဆိုပါစက်မှုဇုန်ဝင်းရှိ စက်ရုံအလုပ်ရုံများ ယခင်ကိုဗစ်ကာလကတည်းက ရပ်ဆိုင်းထားရပြီးနောက် ကုန်တင်မော်တော်ယာဥ်ကြီးများ ကားကြီးဝင်းအသွင်ဖြင့် ကားအပြောင်းအလဲပြုလုပ်ရန် အသုံးပြုနေကြခြင်းဖြစ်သည်။
ထို့အတူ မြဝတီတိုက်ပွဲများမစတင်မီက မြဝတီမြို့သို့ တောလမ်း တောင်ပတ်လမ်းများမှတဆင့် သွားလာနေကြသော မော်တော်ယာဥ်များမှာ ထိုလမ်းများပေါ်ရှိ လက်နက်ကိုင်အဖွဲ့များထံ ဂိတ်ကြေး သိန်းနှင့်ချီပေးဆောင်ရသည်များလည်း ရှိခဲ့ကြောင်း ဖားအံ-မြဝတီ မော်တော်ယာဥ်ပြေးဆွဲရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ထီလုံကျေးရွာအနီး ဖားအံစက်မှုဇုန်တွင် ဂိတ်ချထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံ BGF တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။



















