ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကော့ကရိတ်မြို့မြောက်ပိုင်းသို့ ဧပြီလ(၂၀)ရက်နေ့မှစ၍ အပြင်းအထန်ထိုးစစ်ဆင်လာသဖြင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် တပ်စွဲထားသည့် မြို့အချို့နေရာများမှ ယာယီဆုတ်ခွာထားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
လေးလာကြာမြင့်လာသည့် ကော့ကရိတ်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်က စစ်တပ် တပ်စွဲထားသည့် ကော့ကရိတ်မြို့ပေါ်အချို့နေရာများကို သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ဧပြီလ(၁၁)ရက်နေ့ကစ၍ မြဝတီမြို့သို့ စစ်ကူပေးရန် အင်အားအများအပြားဖြင့် တက်လာသော စစ်ကောင်စီတပ်များကို မြို့အနီးတဝိုက်တွင် ကြားဖြတ် တိုက်ခိုက်နေရာမှ စစ်တပ်၏ထိုးစစ်ဆင်မှုနှင့် လက်နက်ကြီး၊လေကြောင်း အများအပြားသုံးမှုကြောင့် ယာယီဆုတ်ခွာထားရခြင်းဖြစ်သည်။
“ဟောင်ဝှစ်ဇာတွေပစ်တယ်။ ဒရုန်းတွေသုံးပြီးတော့ မျက်ရည်ယိုဗုံးလို့ပြောရမလား၊ ဓာတု လက်နက်လို့ပြောရမလား ကြဲချတယ်ပေါ့နော်။ မနေ့ကတစ်နေ့လုံးပဲ ကော့နွဲဘက်မှာလည်း ထိတွေ့ပစ်ခတ်မှုတွေဖြစ်တယ်။ ဒီနေ့မနက်အထိကို စစ်တပ်ကအပြင်းအထန် ထိုးစစ်ဆင်နေတယ်။ ဒါကြောင့် အချို့နေရာတွေကနေတော့ ကျနော်တို့ယာယီဆုတ်ခွာထားခြင်းမျိုးရှိပါတယ်။ အကုန်လုံးတော့မဟုတ်ဘူး။” ဟု ပူးပေါင်းတပ်တွင်ပါဝင်သော ကျားဖြူစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့တက်လာရာလမ်းကြောင်းရှိကျေးရွာများအား လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် တိုက်ပွဲပြင်းထန်သည့် ကော့ကရိတ်မြို့အနီးဝန်းကျင်နေရာများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ယခုရက်ပိုင်းအတွင်း တစ်စထက်တစ်စ ဖြစ်ပွားလာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တိုက်ပွဲကြောင့် ကော့ကရိတ်ဒေသခံအများစု နေရပ်စွန့်ခွာနေရသည့်အခြေအနေတွင် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာသည့်အနေအထားအပေါ် ကော့ကရိတ်မြို့အား စစ်တပ်ကအလုံးစုံထိန်းချုပ်ထားနိုင်သဖြင့် မြို့ခံများနေအိမ်ပြန်နေနိုင်ပြီဟူ၍ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာအချို့ထံမှ သတင်းများပေါ်ထွက်နေသည်။
သို့သော် တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် ကော့ကရိတ်မြို့ခံများ၏အသက်အိုးအိမ်လုံခြုံရေးကို အာမခံချက်မပေးနိုင်သဖြင့် ၎င်းတို့နေအိမ်ပြန်နေထိုင်ရေး အားမပေးသလို စစ်တပ်က မြို့ကိုအလုံးစုံထိန်းချုပ်ထားနိုင်သည့် သတင်းက သတင်းမှားသာဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ကဆိုသည်။
ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက “ကော့ကရိတ်မြို့ကဒေသခံတွေပြန်နေဖို့ဆိုတာ ဒေသခံ တွေရဲ့လုံခြုံရေးကိုတောင်ကျနော်တို့ အာမခံနိုင်တာမရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက်ပစ်ခတ်မှုတွေ ဖြစ်နေတော့ နေအိမ်မီးလောင်တာတွေလည်းရှိနေပါတယ် ။ ဆိုတော့ပြည်သူတွေပြန်နေလို့ရပြီဆိုတဲ့သတင်းကိုတော့ ကျနော်တို့အားမပေးပါဘူး။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
တဖက်တွင်လည်း ကော့ကရိတ်မှတဆင့် မြဝတီဘက်သို့ စစ်ကောင်စီတပ်များ မရောက်ရှိနိုင်ရေး KNLA ပူးပေါင်း တပ်ဖွဲ့များက စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသလို မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ မှ လက်နက်ချရန်ငြင်း ဆန်နေသော စစ်ကောင်စီတပ်ဖွဲ့များ ခိုအောင်းရာ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးသို့ ပူးပေါင်းတပ်မှ ဧပြီလ (၁၉)ရက်နေ့က ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ယနေ့မနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်ခဲ့သည်။



















