ဧပြီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင် များသည် ရာသီဥတုပူပြင်းသောကြောင့် သောက်သုံးရေ လိုအပ်ချက်များရှိလာနေကြောင်း စစ်ဘေးရှောင် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် (PNLO) တော်လှန်ရေးပူးပေါင်းတပ်တို့ ဆီဆိုင်မြို့တွင် နှစ်ဖက်တိုက်ပွဲကြောင့် နီးစပ်ရာ နေရာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသော စစ်ရှောင်ဒေသခံပြည် သူများသည် လက်ရှိတွင် ရာသီဥတုပူပြင်းလာ၍ သောက်သုံးရေများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးတိမ်းရှောင် နေသူတစ်ဦးက ပြောသည်။
၎င်းက “ ရေအရင်းအမြစ်နဲ့ နီးစပ်တဲ့သူတွေကျတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ရေကမသန့်ဘူး။ အနည်ထိုင်မှ သောက်ရတယ်။ ရေနဲ့နီးစပ်မှု မရှိတဲ့နေရာတွေကျတော့ သောက်သုံးရေအတွက် တော်တော်ခက်ခဲတယ်။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေကျတော့ မြို့တွေဘက်မှာ ရှောင်ကြတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကျတော့ အလှူရှင်လည်း နည်းပြီး တောထဲရှောင်နေတဲ့သူတွေကတော့ သောက်ရေရဖို့အတွက် ပိုခက်ခဲတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူတဖြည်းဖြည်းတိုးလာသော်လည်း အလှူရှင်များနည်းပါးလာသောကြောင့် သောက်သုံးရေနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များအပြင် နေရာထိုင်ခင်း အခက်အခဲများလည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ထိုစစ်ရှောင်က ဆက်ပြောသည်။
“စစ်ရှောင်တွေက သူ့ဟာနဲ့သူ အဆင်ပြေအောင် နေထိုင်နေရတယ်။ တချို့တွေကျတော့လည်း တစ်နေရာစီ ဖြစ်ကုန်တယ်။ တချို့တွေကျတော့လည်း Camp လို စောင့်ပေးထားတဲ့နေရာတွေမှာ နေကြတယ်။ ရပ်ဝေးက အလှူရှင်တွေနည်းလာတော့ သူတို့ဖာသာသူတို့ရှာ စားရတာပေါ့။ ပစ္စည်းကျန်တဲ့ သူတွေပြန်ယူကြတယ် ။ မီးမ လောင်ဘဲ သူခိုးမခိုးဘဲ ကျန်တဲ့ ပစ္စည်းတွေပေါ့လေ။ ပြန်နေလို့ တော့မရသေးဘူး။ မြို့ထဲမှာကတော့ လမ်းမကြီးတွေမှာကတော့ စစ်တပ်တွေက ရှိနေတုန်း။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသူ ၁ သိန်းကျော်ရှိတဲ့အနက် နီးစပ်ရာတောတောင်များတွင် စစ်ဘေးတိမ်းရှောင်နေရသူ စုစုပေါင်းခန့်မှန်းခြေ (၃၀,၀၀၀) ကျော်ထိရှိပြီး စစ်ရှောင်ခိုလှုံရာ နေရာတိုင်းတွင် ရေအလှူအတွက် အကူအညီများလိုအပ်လျက်ရှိသည်ဟု စစ်ရှောင်ကူညီသူများ၏ ပြောဆိုချက်များအရ သိရသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်ဘက်တွင်လည်း ယခုနွေရာသီကာလ တစ်နေ့ထက်တစ်နေ့ အပူချိန်ပိုမိုပြင်းထန်လာသဖြင့် အလားတူရေရှားပါးမှုပြဿနာ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဒေသတွင်းနေထိုင်သူများနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။



















