Home သတင်း မွန်-တနင်္သာရီ ပြည်ထောင်စုလမ်းမ၏ လမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုက သွားလာချိန်ကန့်သတ်

မွန်-တနင်္သာရီ ပြည်ထောင်စုလမ်းမ၏ လမ်းပိုင်းတချို့ကို တော်လှန်ရေးအင်အားစုက သွားလာချိန်ကန့်သတ်

115
Photo: Crd.

ဧပြီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်−တနင်္သာရီ အစပ်ရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှာက် ရေးမြို့တောင်ပိုင်းမှ သရက်ချောင်း ကျေးရွာအထိ သွားလာနေသည့်ယာဉ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း နယ်မြေခံ တော်လှန်ရေး အဖွဲ့အ စည်းများက ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ကျောက်ကား၊ မြေကြီးသယ်သည့် အရပ်သားကားများကို အသုံးပြု၍ တပ်အင်အားရိက္ခာများ သယ်ယူပို့ဆောင်နေသည့်အပေါ် ဖြတ်တောက်ပြီး စစ်ရေးအရှိန် မြှင့်တင်ရန်နှင့် ပြည်သူ များ လုံခြုံစွာသွားလာနိုင်ရန်အတွက် ယခုလို ကန့်သတ်ရခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်းမှ ရဲဘော် ရန်နိုင်က ယခုလိုပြောသည်။

၎င်းက“လမ်းပိုင်းမှာကတော့ ကျနော်တို့တော်လှန်ရေးအဖွဲ့တွေ တောက်လျှောက်စိုးမိုးထားတယ်။ လမ်းပိုင်းမှာ တော့ သူတို့တွေပေါ်တင်သွားလာတာတော့မရှိတော့ဘူး။ အသွင်ယူပြီးသွားတာတော့ တောက် လျှောက် ကြားနေတယ်။ အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ပြီးတော့ အသွင်တူသွား နေတာတွေရှိတယ်။ နောက်ပြီးတော့ ကျောက်ကားတို့ ကုန်တင်ကားတို့ ဒါတွေကို သူတို့ဖမ်းတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံပေးရန် နှင့် ယခုလို စစ်ဆေး မှုပြုခြင်းသည် အခကြေးငွေ တောင်းခံနေခြင်းမျိုးမဟုတ်ဘဲ လုံခြုံရေးအရ စစ်ဆေးခြင်းသာ ဖြစ်ကြောင်းလည်း ရဲဘော် ရန်နိုင်က ဆက်ပြောသည်။

ရေးမြို့နယ်တောင်ပိုင်းမှ သရက်ချောင်းမြို့အထိ အမှတ် (၈) ပြည်ထောင်စုလမ်းမလမ်းပိုင်းအား အချိန်ကန့် သတ်ခြင်းကို ကျောင်းသားတပ်မတော်တပ်ရင်း (၁)၊ ဒေါနစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) နှင့် မွန်ပြည်တော်လှန်ရေးတပ်တို့က ပူးပေါင်းအသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အတူ စစ်ကောင်စီတပ်သားများသည် ကျောက်ကား၊ မြေကြီးတင်ကားများကို တပ်စခန်းတွင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကင်းပုန်းဝပ်မည့်နေရာ အင်အားဖြည့်တင်းမည့်နေရာများကို သွားလာရာတွင် အဆိုပါ ကား များကို အသုံးပြုသွားလာနေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး−ထားဝယ်−မော်လမြိုင် လမ်းပိုင်းတစ်လျှောက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှုများ ပိုမိုလုပ်ဆောင်လာနေပြီး ယခု ထုတ်ပြန် အသိပေးထားသည့်အချက်များကိုလည်း လိုက်နာရန်ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။