Home သတင်း မြဝတီအမှတ်(၂) တံတားနားတစ်ဝိုက် စစ်တပ် လေယာဉ်ပတ်ကြဲ၍ ဒေသခံ(၂၀၀)ကျော် ထိုင်းဘက်သို့ စစ်ရှောင်နေရ

မြဝတီအမှတ်(၂) တံတားနားတစ်ဝိုက် စစ်တပ် လေယာဉ်ပတ်ကြဲ၍ ဒေသခံ(၂၀၀)ကျော် ထိုင်းဘက်သို့ စစ်ရှောင်နေရ

159
Photo- လူမှုကွန်ရက်

ဧပြီလ ၂၀ ရက်၊ ၂၀၂‌၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေးတံတားနားနှင့် ရေပူကုန်းရပ် ကွက်တစ် ဝိုက်တွင် ယနေ့နံနက်မှ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ Y12 အမျိုးအစား လေယာဉ်တစ်စင်း ဝဲပျံလျက်ရှိပြီး ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေသဖြင့် မြန်မာဘက်မှဒေသခံ(၂၀၀)ကျော် ထိုင်းဘက်သို့ထွက်ပြေး စစ်ရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ-၂၇၅ အကြွင်းအကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချရန်ငြင်းဆန်နေသဖြင့် ယမန်နေ့‌ညပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က ဒရုန်းဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီဘက်က လေကြောင်းအကူအညီပေးလာခြင်းဖြစ်သည်။

“Y12 က အကြာကြီးဝဲလို့ရတယ်လေ၊ ရေပူအနောက်နဲ့အမှတ်(၂)တံတားဘက်ပေါ့။ သူ့လေယာဉ်က ကင်းထောက်လေယာဉ်ဆိုတော့ ဂျက်လိုမျိုး အရှိန်နဲ့သွားတာမဟုတ်ဘူး။ ကိုယ့်ပိုင်နက်ထဲ ပတ်နေလို့ရတယ်။ မနက်ကတည်းက ပတ်ဝဲပြီး အခုချိန်ထိ ကြဲချနေတုန်းပဲ။” ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီဘက်၏ လေယာဉ်မှ ဗုံးကြဲချသည့်အရေအတွက် (၄၀) နီးပါးရှိလာသဖြင့် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ရေပူကုန်းနှင့်ဝါးတောရပ်မှ ဒေသခံပြည်သူ(၂၇၂)ဦး သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နယ်စပ်သတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အတူ KNLA ပူးပေါင်းတပ်ဘက်ကလည်း တံတားနားရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြီးသတ်တိုက် ခိုက်‌နိုင်ရန်ကြိုးစားလျက်ရှိသည်တွင် အချို့ကို အသက်ရှင်လျက်နှင့် အသေဖမ်းဆီးရမိခဲ့သလို ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းသူအချို့ကိုလည်း ‌လေကြောင်းရန်ကြားမှ လိုက်လံပစ် ခတ်နေ‌ကြောင်း KNLA သတင်းအရင်းအမြစ်အပါအဝင် နီးစပ်သူများထံမှ သိရသည်။

Photo- လူမှုကွန်ရက်

ယနေ့နံနက် မြဝတီ‌အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသလို စစ်ကောင်စီဘက်က ‌ထိခိုက်ကျဆုံးသည့် အရေအတွက်ကိုလည်း အတည်ပြုနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။

ယမန်နေ့ကလည်း ကျုံဒိုးချောင်းဖျားနှင့် နဘူးလမ်းကြောင်းမှ စစ်ကူတက်လာသော စစ်ကောင်စီ တပ်များအား KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်သဖြင့် အနီးနားရှိကျေးရွာများဘက်သို့ စစ်ကောင်စီက လေကြောင်းသုံး‌ဗုံးကြဲချမှုများလုပ်ဆောင်ခဲ့ရာ ဒေသခံများထိခိုက်သေဆုံးမှုရှိခဲ့ပြီး အများအပြား ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အင်အား(၅၀၀)ခန့်ပါဝင်သော အဆိုပါစစ်ကောင်စီတပ်များ မြဝတီမြို့သို့ စစ်ကူမရောက်ရှိနိုင်ရေး ပူးပေါင်းတပ်များက အပြင်းအထန် ကြားဖြတ်တိုက်ခိုက်‌မှုများ လုပ်ဆောင်လျက်ရှိရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၀၀)ခန့်ကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း KNU နှင့်တော်လှန်ရေးပူးပေါင်းတပ်များဘက်က ပြောသည်။