Home သတင်း မြဝတီမြို့တွင် စစ်မဖြစ်ရေး စစ်မဲ့ဇုန်သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်

မြဝတီမြို့တွင် စစ်မဖြစ်ရေး စစ်မဲ့ဇုန်သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်

789
Photo: (လူမှုကွန်ရက်)

ဧပြီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြားဖြစ်ပွားနေသည့် မြဝတီမြို့ပြင်ရှိ တိုက်ပွဲများနှင့်ဆက်စပ်၍ မြဝတီမြို့အတွင်း စစ်မဖြစ်ရန်နှင့် စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် မြို့ တွင်းရှိ စစ်ရှောင်များနှင့်ဒေသခံအချို့က လက်နက်ကိုင်တပ်ဖွဲ့များထံ ယနေ့ညနေပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုသည့်အစီအစဉ်တစ်ခုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်ဘေးရှောင်များခိုလှုံရာ မြဝတီမြို့ကိုချမ်းသာပေး၊ ဆက်ပြေး‌စရာမြေမရှိတော့သည့်အတွက် မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေး အစရှိသည့် စာတမ်းများကို ကိုင်ဆောင်၍ ဒေသခံ၊ စစ်ရှောင်ပြည်သူအင်အားရာချီ က မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

“စစ်ဘေးရှောင်တွေနဲ့ဒေသခံ‌ပြည်သူတွေက မြဝတီမှာဖြစ်ရင် သူတို့ပြေးစရာမြေမရှိဘူး။ ဘယ်သူက သူတို့ကို လာ ကျွေးမလဲပေါ့။ အခုက မြဝတီမှာနေဖို့နေရာရှိသေးတယ်။ အလှူ‌ရှင်တွေ သူတို့ကိုလာကြည့်သေးတယ် ။ တကယ် လို့ မြဝတီမှာသာဖြစ်ပြီဆိုရင် သူတို့စားရေးသောက်ရေး နေထိုင်ရေးကအစ အခက်အခဲဖြစ်ပြီဆိုတော့ စစ်မဖြစ် စေချင်ဘူး။ အဲဒါကြောင့် ဆန္ဒဖော်ထုတ်တဲ့သဘောမျိုးပါ” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီမြို့ပေါ်နှင့်အနီးဝန်းကျင်တွင် ကော့ကရိတ်၊ ဝှေ့ရှမ်း၊ ရွာသစ်၊ မဲ့ပလဲ့၊ သင်္ဃန်းညီနောင် အစရှိသည်တို့မှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီရှိနေပြီး ယနေ့ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲတွင်လည်း ၎င်းစစ်ရှောင်အချို့ပါဝင်နေကြောင်း နီးစပ်သူဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

အဆိုပါ ပြုလုပ်သည့် စစ်မဲ့ဇုန်သတ်မှတ်ရေး ဆန္ဒထုတ်ဖော်မှုတွင် စစ်ကောင်စီထောက်ခံသူအချို့က ဦးဆောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြင်းအတည်ပြုနိုင်ခြင်းမရှိပေ။

Photo: (လူမှုကွန်ရက်)

တစ်နေ့တည်းတွင်ပင် အညံ့ခံရန်ငြင်းဆန်နေသော မြဝတီမြို့ပြင်ရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ(၂၇၅) ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က တပ်စခန်းအနီးတဝိုက်သာမက မြို့အထွက်အချို့နေရာများသို့ လေကြောင်း၊ လက်နက်ကြီးများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့်အခြေအနေကြောင့် မြဝတီမြို့နေပြည်သူအချို့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်း ပြေးဝင်မှုများပြားလာသလို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် လက်နက်ကိုင်တပ်ဖွဲ့အချို့ လုံခြုံရေးယူထားကြောင်း ဒေသခံနှင့်ထိုင်းမီဒီယာအချို့တွင် ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံဘက်ကလည်း အိမ်နီးချင်းမြန်မာနိုင်ငံ၏အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာမှု ထောက်ပံ့ပေးမည့်ကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု မီဒီယာများမှတဆင့် အသိပေးထားသည်။