Home သတင်း တစ်လကျော်ကြာ စစ်ဘေးရှောင်နေရသည့် သင်္ဃန်းညီနောင်စစ်ရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ

တစ်လကျော်ကြာ စစ်ဘေးရှောင်နေရသည့် သင်္ဃန်းညီနောင်စစ်ရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ

702

ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် အခြေစိုက်တပ်ရင်းစခန်းများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် နှစ်ဖက်တိုက်ပွဲများကြောင့် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ(၂,၅၀၀)အတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။

ပြီးခဲ့သည့် မတ်လ ပထမအပတ်မှ စတင်ပြီး သင်္ဃန်းညီနောင်တွင် ဖြစ်ပွားခဲ့သည့် စခန်းသိမ်းတိုက်ပွဲ များကြောင့် အနီးဝန်းကျင်ကျေးရွာ ၁၀ ရွာမှဒေသခံများအနေဖြင့် ရွှေကုက္ကိုလ်ဒေသ ကျေးရွာများဘက်သို့ ယနေ့အချိန်ထိ စစ်ဘေးတိမ်း ရှောင်နေကြရဆဲဖြစ်ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း ၎င်းတို့ကို လက်ခံကူညီထားသည့် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဘုန်းကြီးကျောင်းမှာပဲ လာရှောင်ကြတယ်။ အိမ်လည်းပြန်လို့မရသေးဘူးဆိုတော့ ဒီမှာက တစ်ရက်ကို ဆန်(၈) အိတ်ထိကုန်တယ်။ စစ်ရှောင်ကာလက ကြာလာတော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိ လာတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များကို မြဝတီမြို့ခံလူထုများ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ နှင့် တစ်သီးပုဂ္ဂလိက အလှူရှင်များမှ ကနဦးတိုက်ပွဲကာအတွင်း သွားရောက်လှူဒါန်းကြသော်လည်း စစ်ရှောင်ဦးရေများပြားလွန်းသောကြောင့် နွေရာသီကာလအတွင်း သောက်သုံးရေရရှိမှုအခက် အခဲများကိုပါ ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။

“သောက်သုံးရေက မလောက်ဘူး။ စစ်ရှောင်ဦးရေကများတော့ လက်ရှိမှာတော့ ရေသန့်စက်ရုံကိုသွား ဘောက်ဆာတွေနဲ့ထည့်ပြီးတော့ သက်သာအောင်တော့ လုပ်ပေးနေတာ တွေရှိတယ်။ ပြီးခဲ့ တဲ့ရက်ကတော့ NGO တစ်ဖွဲ့ကတော့လာပြီး ရေသန့်စက်လုပ်ပေးမယ်တော့ပြောတယ်။ ဒါပေမဲ့ လာတပ်မယ်ဘဲပြောသေးတာ အခုထိ လာမတပ်သေးဘူး။” ဟု အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

ထို့အပြင် မြဝတီကုန်သွယ်ရေးတံတားအမှတ် (၂) တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက် ခိုက်ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် မြဝတီမြို့ရှိ ဒေသခံ (၆,ဝဝဝ)နီးပါး ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက် နှင့် သောင်ရင်းမြစ်ကမ်းနား နေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။