Home သတင်း ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ပြီး ဒေသခံပြည်သူများကို ပစ်သတ်၊ ဖမ်းဆီးနှိပ်စက်မှုရှိနေ

ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ပြီး ဒေသခံပြည်သူများကို ပစ်သတ်၊ ဖမ်းဆီးနှိပ်စက်မှုရှိနေ

865
Photo: (လူမှုကွန်ယက်)

ဧပြီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်မှ ဧပြီလ ၂၅ရက် ယမန်နေ့တွင် တပ်အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်ထိန်းချုပ်ပြီး အမျိုးသမီးတစ်ဦးကို ပစ်သတ်ကာ ဒေသခံပြည်သူအများအပြားဖမ်းဆီးနှိပ်စက်နေသည်ဟု ဒေသခံထံမှ သိရသည်။

ကော့ဘိန်းနယ်မြေရဲစခန်းတွင် လက်ရှိ စစ်ကောင်စီတပ်မှ ပြန်လည်အခြေချတပ်စွဲနေထိုင်ပြီး ကျေးရွာထဲရှိ တွေ့ရှိသည့် ဒေသခံပြည်သူများကို ဖမ်းဆီးနှိပ်စက်သည့်အပြင် ဒေသခံ၏ နေအိမ်ပစ္စည်းများကိုလည်း ဖျက်ဆီး ခိုး ယူမှုများလည်းရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ဆိုင်ကယ်နဲ့စီးလာတဲ့ မိန်းကလေးတစ်ဦးကို ပစ်သတ်လိုက်တယ်။ ပြီးတော့ တွေ့တဲ့လူကို ဖမ်းဆီးနှိပ်စက်တာရှိတယ်။ ရွာမှာတော့ လမ်းမလျှောက်နိုင် တဲ့သက်ကြီးရွယ်အိုတချို့ ကျန်တယ်။ ဖမ်းဆီးနှိပ်စက်သူတွေကို ဘယ်မှာဖမ်းထားလဲ၊ လွှတ်ပေးပြီးလားတော့ ဆက်သွယ်မရသေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အွန်လိုင်းပေါ်တွင် ပြန့်နှံ့လာသည့် ရုပ်သံဖိုင်များအရ အမျိုးသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တင်ဆောင်လာသည့်ကားပေါ်တွင်လည်း ဆိုင်ကယ်အချို့ ပြန်လည်သယ်ဆောင်သွားသည်ကို တွေ့ရှိရသည်။

ကော့ဘိန်းနယ်မြေ ရဲစခန်းကို ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နှင့် ရေကြောင်း ၊ လေကြောင်းတိုက်ခိုက်မှုအပြင် သံချပ်ကားများနှင့် စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်မှ ပြန်လည်နောက်ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်ကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်မတော်-M.L.A မဟာမိတ်ဆက်ဆံရေးဌာနမှ ဗညားမင်းကန်စီက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကော့ဘိန်းစခန်းကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ ရှေ့ခံစစ်ကို ဓမ္မသရွာမှာ ချထားတယ်။ ဓမ္မသရွာကို ကြည်း ရေ၊ လေ တင့်ကားအပါအဝင် အလုံးအရင်းနဲ့ မရမက စစ်ကြောင်းထိုးတဲ့အခါမှာ ကျနော်တို့ M.L.A နဲ့ ဂဠုန်၊ ကျားဖြူတပ်ခွဲ(၃) ပူးပေါင်းတပ်တွေက ကြံ့ကြံ့ခံခုခံပါသေးတယ်။ လက်နက်အင်အားမညီမျှတဲ့အတွက် ပြည်လည်ဆုတ်ခွာလိုက်ရတာဖြစ်တယ်”ဟု ပြောသည်။

စစ်ကောင်စီတပ် ပြန်လည်စစ်ကြောင်းထိုးလာသည့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ကူပေါင်းအလုံး ၇၀ ကျော်ရှိကာ လက်နက်အင်အားမျှသည့်အတွက် ပြန်လည် နောက်ဆုတ်ပေးလိုက်ရ သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုကြီးကြီးမားမားမရှိဘဲ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဗညားမင်းကန်စီက ဖြည့်စွက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းထိုးလာသည့်အတွက် လက်ရှိအချိန်တွင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ခိုက်၊ သရဏာ၊ ဓမ္မသအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ထောင်နှင့်ချီသော ဒေသခံများမှာ အသက်ဘေးလွတ်ရာသို့ စစ်ရှောင်နေရကြောင်းလည်း သိရသည်။

ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အယောက်၂၀ ကျော် လက်နက်ချအညံ့ခံခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ကော့ဘိန်းရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီဘက်မှ အင်အား အလုံး အရင်းဖြင့်တက်လာပြီး တော်လှန်ရေးပူးပေါင်းတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုသို့တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဘက်မှ ဓမ္မသကျေးရွာထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် လူနေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံလူထု ခြောက်ထောင်ကျော် တိမ်းရှောင်ခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။