ဧပြီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့နယ်နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ အရေးပေါ်ပိတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA)က ယနေ့ ဧပြီလ(၂)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ လမ်းပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ ပြောင်း ခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာ တစ်လျှောက်တွင် မိုင်းထောင်ခြင်းများ ပြုလုပ်လာသောကြောင့် အရေးပေါ်ပိတ်လိုက်ရခြင်းဖြစ်ကြောင်း (AA) က ပြောသည်။
အဆိုပါ အမ်းမြို့နယ်နှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းပိုင်း တစ်လျှောက်တွင် ပြီးခဲ့သည့် မတ်လ(၂၆)ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့် တပ်တော်(AA)တပ်ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားလျက်ရှိသည် ဟု လည်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲလေးလကျော်ကာလအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော် ၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့များကို (AA)မှ သိမ်းပိုက်ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေ ခြင်းဖြစ်ပြီး AA ဘက်မှ စစ်ရေးအရှိန် ဆက်လက်တိုးမြှင့်ထားသောကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီးကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ထုတ်ပြန်ထားချက်အရ သိရသည်။