ဧပြီလ ၉ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ် မြဝတီမြို့တွင် မြို့တွင်းတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာမည်ကို စိုးရိမ် ကြသဖြင့် မြို့ခံလူထုတော်တော်များများသည် နီးစပ်ရာကျေးရွာနှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ခြမ်း သို့ ထွက်ပြေးတိမ်းရှောင်မှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများက ပြောသည်။
မြဝတီမြို့အနီးရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချစခန်းကို ဧပြီလ ၅ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များမှ သိမ်းပိုက်ပြီးနောက် မြဝတီမြို့ဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်နေကြ ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ရက်က စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်းမှာ မြို့ပေါ်အခြေနေက ပိုဆိုးလာတယ်။ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာတယ်။ အဲ့ဒီနေ့ကဆို မဲဆောက်ဘက် ကူးမဲ့သူတွေ မြန်မာဘက်က တံတားမှာ ပိတ်မိ နေကြတယ်လေ။ ပြီးတော့ စစ်တပ်ဘက်ကလည်း စမတ်ကတ်ရှိမှ တံတားပေးကူးတော့မယ်ဆိုတော့ ပိုဆိုး တာပေါ့။ တကယ်လို့မြို့ပေါ်မှ စဖြစ်ပြီးဆိုတာနဲ့ တံတားကပေးကူးတော့မှာ မဟုတ်ဘူး။ အကုန်မြို့ထဲ ပိတ်မိကုန်မှာ။”ဟု ကေအိုင်စီ သို့ပြောသည်။
လက်ရှိတွင်လည်း မြဝတီမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအနီးတဝိုက်တွင် ငှားရမ်းနေထိုင်ကြသော ဒေသခံအများစုမှာလည်း အသက်ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်မှုများ ပိုမိုပြုလုပ်လာကြောင်း အခြားမြဝတီမြို့ခံတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။
“တိုက်ပွဲဖြစ်ပြီးတဲ့ နေ့ကစပြီး အဲ့လိုဌာနဆိုင်ရာရုံးနားမှာနေတဲ့သူတွေ ပိုပြီး ပြောင်းရွှေ့နေကြတယ်။ ရဲစခန်းနား နေတဲ့သူတွေရောပေါ့။ အများစုကတော့ မြို့ကိုစွန့်ခွာဖို့ပိုပြီး လုပ်နေကြတာများတယ်။ တချို့တွေကျတော့လည်း အသင့်အနေအထားပေါ့။ သတင်းတွေ ကလည်း မျိုးစုံထွက်နေတယ်။ တံတားကပိတ်မှာလား မပိတ်ဘူးလား ဆိုတာသေချာ မသိရသေးတဲ့အခြေနေမှာရှိတယ်။”ဟု ပြောသည်။
ထို့အပြင် မြဝတီမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများတွင်လည်း လတ်တလော ဝင်ထွက်သွားလာခွင့်များကို စစ်ကောင်စီ ဘက်မှ ပိတ်ထားပြီး မြို့ပေါ်ရပ်ကွက်တွင်မူ စိုးရိမ်မှုကြားမှ လှုပ်ရှားသွားလာနေကြဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
နှစ်ရက်ကြာ အပစ်အခတ်ငြိမ်သက်သွားသည့် မြဝတီမြို့တွင် ဧပြီလ ၉ ရက်၊ ယနေ့မွန်းလွဲ ၁နာရီ ခွဲအချိန်က စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း- ခလရ ၂၇၅ မြို့စောင့်တပ်နေရာအနီး တစ်ဝိုက်တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ် ပူးပေါင်းတပ်များအကြား တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားလျက်ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။