Home သတင်း မြဝတီမြို့အနီးရှိ ဘုရားကုန်းစစ်ရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ

မြဝတီမြို့အနီးရှိ ဘုရားကုန်းစစ်ရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ

87
Photo: CJ

ဧပြီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ မင်းလက်ပံကျေးရွာနှင့် အင်ကြင်းမြိုင်ကျေးရွာကြားရှိ အေးငြိမ်းစေတီဘုရားကုန်းနေ ရာတွင် ယာယီနေထိုင်နေရသည့် စစ်ရှောင်စခန်း၌ ယခုရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် လေးကေကော်ဒေသ တိုက်ပွဲဖြစ်ပွားချိန်ကတည်းက နေရပ်မပြန်နိုင်သေးသည့် စစ်ဘေး ရှောင်များနှင့် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၍ မင်းလက်ပံ၊ မယ်ဝါးခီး၊ ပဟိ ကလော်၊ မယ် ထော်သလေး၊ အင်းကြင် မြိုင်၊ ရသေ့ဂူကျေးရွာများမှ စစ်ရှောင်နေထိုင်သူ အိမ်ထောင်စု ၃၀၀ ကျော်မှ လူဦးရေ ၁၀၀၀ ခန့် ခိုလှုံနေသည့် အေးငြိမ်းစေတီဘုရားကုန်းနေရာတွင် သောက်သုံးရေ အခက်အခဲကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက” ဒီမှာက ရှောင်နေရတာ ၃ နှစ်ကျာ်ပြီပေါ့၊ အခုကတိုက်ပွဲကနေ့တိုင်း ဖြစ်နေတုန်းဆိုတော့ ပြန်မနရဲကြဘူး။ နေ့ဘက်ကြုံရာကျဘမ်းလုပ်၊ ညဘက်ဒီမှာ လာရှောင်အိပ်ကြပေါ့၊ ရေက သောင်ရင်းမြစ်ရေကိုပဲ သုံးရတယ်။ ရေတွင်းရေကန်တွေကလည်း ရွာမှာပဲရှိတာဆိုတာ့ ရေကားနဲ့သွားပြန်ခပ်တာမျိုး အရင်က တော့ရှိတယ်။ အခုက တွင်းတွေလည်း ရေခမ်း၊ အခုနေပူပြင်းတော့ ဝမ်းရောဂါဖြစ်တာတွေ ရှိနေတယ်။ ဆေးဝါးမလုံလောက်ဘူး၊ သက်ကြီးရွယ်အိုတွေများတယ်။ ” ဟု ပြောသည်။

ထို့အပြင် အဆိုပါ စစ်ရှောင်စခန်းတွင် အရေးပေါ်ဆေးဝါးကုသမှုအတွက် ဆေးဝန်ထမ်းနှင့် ဆရာဝန်များ လို အပ်လျက်ရှိပြီး သောက်သုံးရေသန့်ရှင်းမှုနှင့် နေထိုင်စားသောက်မှုအတွက် အမိုးအကာနှင့် ယာယီအဆောက်အအုံ များလိုအပ်နေကြောင်းလည်း သိရှိရသည်။

စစ်ရှောင်စခန်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက” ဒီမှာက ဖြစ်သလို နေနေကြရတယ်။ မြေကြီးပေါ်မှာပဲနေကြ၊ စားကြ၊ အိပ်ကြရတာများတယ်။ ဟိုတစ်စု ဒီတစ်စုပြန့်ကျဲနေတာမျိုးပေါ့၊ အစီအစဉ်တကျ စစ်ရှောင်စခန်းတော့မ ဟုတ်ဘူး။ အဲ့လိုဖြစ်တော့ စစ်ဘေးရှောင် အကူအညီသိပ်မရဘူး။ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ စာဖွေစားသာက် နေကြရတာ။ တစ်ခါ တလေလာကူတဲ့သူတွေ လာဝေပေးတာမျိုး လောက်ပဲရှိတယ်။ ရေလည်းမလောက် ၊ စားစရာလည်းမရ၊ ဆေးဝါးနဲ့သူနာပြုကလည်း လိုအပ်တယ်။ ဆရာဝန်မရှိဘူး ” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ လက်ခတ်တောင်၊ လေးကေကော်စွယ်တော်အမြှောက်ကုန်း၊ သင်္ဃန်းညီနောင် ဗျူဟာကုန်းနှင့် ဝေါလ ဒေသ ထီကပလယ်စစ်စခန်းကုန်းနေရာများဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ထိုအခြေအနေကြောင့် ထိုင်း နိုင်ငံတော်ဝင် စစ်တပ်ဘက်ကလည်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုများ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။