ဧပြီလ ၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် ဖာပွန်မြို့အတွက် အရေးပါပြီး နှစ်ပေါင်း ၇၀ ခန့်ကြာသက်တမ်းရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း -ခလရ (၁၉) စခန်းကို ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်- KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၃၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီက ဖာပွန်မြို့ရှိ စစ်ရှောင်နေသည့်နေရာများကို လေ ကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်လာနေကြောင်း မြေပြင်သတင်းအရင်းမြစ်ထံမှသိရ သည်။
ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် စစ်ဘေးရှောင်များ သွားရောက်တိမ်းရှောင်နေသည့် ဖာပွန်မြို့ ရွှေ ကျောင်းဘုန်းကြီးကျောင်းဝင်းထဲ၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သဖြင့် ရဟန်းသံဃာတော်များအပါအဝင် စစ်ဘေးရှောင်အရပ်သား ၈ ဦးခန့်သေဆုံးရပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနေကြောင်း ဒေသခံများက ပြောသည်။
ဖာပွန်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက“ ဖာပွန်မှာ နေ့နေ့ညည လက်နက်ကြီးရော၊ လေယာဉ် တွေရော ပစ်တယ်။ ဟိုဘက်အဖွဲ့ပစ်လိုက်၊ ဒီဘက်အဖွဲ့ပစ်လိုက်ပါပဲ။ မြို့ထဲက လူတွေရွာထဲကလူတွေ တိမ်း ရှောင်ရတယ်။ အများစုက ကမမောင်းမှာလာတိမ်းရှောင်ကြတယ်။ စစ်ရှောင်ရတဲ့ရွာပေါင်း ၂၀ ကျော်ပါ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ဖာပွန်မြို့ကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့်အပြင် နှစ်ပေါင်း ၇၀ ခန့်သက်တမ်းရှိ စစ်ကောင်စီ၏ ခလရ ၁၉ နှင့် ခြေမြန်တပ်ရင်း ခမရ ၆၄၂ ကိုလည်း ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းရှိ စစ်ကောင်စီ၏ လက်နက်တိုက်များ သိမ်းဆည်း နိုင်ခဲ့ကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ကေအဲန်ယူမူတြော်ခရိုင် တာဝန်ရှိသူတစ်ဦးက “တိုက်ခိုက်သိမ်းပိုက်တာဟုတ်ပါတယ်။ မြေပြင်ရှင်း လင်းမှုတွေမပြီးသေးဘူး။ ပစ်ခတ်မှုတွေ ဆက်ရှိနေတုန်းပါပဲ။ နောက်မှ အသေးစိတ်တွေ ထုတ်ပြန်ပါမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဖာပွန်မြို့အနီးတဝိုက်တွင် ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ခမရ ၄၃၄ ၊ ၃၄၀ ၊ ၃၄၁နှင့် ဗျူဟာကုန်းတပ်တို့မှ အမြှောက်လက်နက်ကြီး၊ ဒရုန်းများနှင့်လည်း ပစ်ကူပေးသည့်အပြင် လေကြောင်း ဖြင့်ပါ ဖာပွန်မြို့ထဲကို ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။
ယခုမတ်လ ၁၉ ရက်နေ့မှစတင်၍ ဖာပွန်မြို့တောင်ဘက်ခြမ်းရှိ မယ်တရိုး၊ ဝေမှုံ၊ တံခွန် တိုင်စသည့်စစ် တပ်စခန်းများကိုလည်း KNLAနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ကူးလူး ဆက်သွယ်ရေးလမ်း ကြောင်း အားလုံး ဝိုင်းဝန်းပိတ်ဆို့ပြီးနောက် မြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်လာရာတွင် ဖာပွန်မြို့ နှင့်အနီးဆုံးဖြစ်သည့် တပ်ရင်း၁၉ စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခြင်းလည်းဖြစ်သည်။
ကမမောင်းနှင့် ဖာပွန်မြို့ကြားတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၀ ကျော်ရှိကာ တပ်စခန်းအချို့မှာ နှစ်ပေါင်းအတန်ကြာ အခိုင်အမာတည်ဆောက်ထားပြီး ခေတ်အဆက်ဆက်တွင် ဒေသခံပြည်သူ လူထုများကို ဖိနှိပ်သတ် ဖြတ်မှုများလုပ်ဆောင်သောကြောင့် ၂၀၂၁ခုနှစ်၊ စစ်အာဏာမသိမ်းခင်က တည်းက နယ်မြေအတွင်းရှိ တပ်စခန်းများ ထွက်ခွာပေးရန် ဒေသခံလူထုများ မကြာခဏ ဆန္ဒပြ တောင်းဆိုမှုများ လုပ်ဆောင်ခဲ့သည်။