ဧပြီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ/မူတြော်ခရိုင် ဖာပွန်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေး ရှောင်ပြည် သူများသည် လက်ရှိတွင် ဆေးဝါးနှင့် အစားအစာ လိုအပ်ချက်များရှိနေသည်ဟု တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းများဖြင့် နေ့စဉ်ပစ်ခတ်နေမှုများကြောင့် ဖာပွန်မြို့ ပေါ်ရှိ ဒေသခံများနှင့် အနီးအနားကျေးရွာရှိ အရပ်သားပြည်သူများသည် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်သာ ထွက်ပြေးလာခဲ့ရပြီး လက်ရှိတွင် ရာသီဥတုအပူအရှိန်ပူပြင်းသဖြင့် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ခိုလှုံရန် အမိုးအကာ အပြင် ဆေးဝါးနှင့် အစားအစာများလိုအပ်လျက်ရှိကြောင်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။
“အခုကာလကလည်း နွေရာသီလည်းဖြစ်တယ်။ ခြောက်ကပ်နေတဲ့ကာလဖြစ်တော့ တောင်ယာတွေမှာ အသီး အနှံတွေရှာဖို့ကလည်း ခက်ခဲတယ်။ တိုက်ပွဲစဖြစ်တော့ ဘာအထုပ်အပိုးမှ ယူလို့မမီဘူးလေ။ သူတို့ရဲ့ အဝတ် အစားတွေလည်းမပါလာဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲပြေးလာရတယ်။ အဲ့တာကြောင့်မို့ အဝတ်အစား တွေလိုတာပေါ့နော်။ အိုးခွက်တွေ၊ ဇွန်းတွေ၊ ထင်းခုတ်မဲ့ဓါးတွေလည်းမပါတော့ ချက်ပြုတ်ရတာလည်း ခက်တာပေါ့။ အရေးကြီးဆုံးကတော့ ရိက္ခာရယ်၊ ဆေးဝါးရယ်၊ နေစရာအမိုးအကာတွေပေါ့”ဟု ပြောသည်။
လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်သွားသည့်် စစ်ဘေးရှောင် ပြည်သူအချို့နှင့် ဆက်သွယ်မှုမရရှိကြောင်း ဖာပွန်မြို့ခံများက ပြောဆိုသည်။

၎င်းအပြင် လက်ရှိ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေရှိ စစ်ဘေးရှောင်ပြည်သူများသည် ဖာပွန်မြို့ ပေါ်တွင် တစ်စု၊ နီးစပ်သည့်အနီးအနားမှ ကျေးရွာများတွင် တစ်စုနှင့် တိုက်ပွဲအခြေအနေအပေါ်မူတည်၍ အိမ်ပြန်ခြင်း ၊ တိမ်းရှောင်ခြင်း စသည့်ပုံစံ ၃ မျိုးဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရလျက်ရှိသည်ဟု သိရသည်။
ဖာပွန်မြို့ပေါ်တွင် ပိတ်မိနေသည့် အရပ်သားပြည်သူ ၃ ထောင်နီးပါးနှင့် မြို့နှင့်နီးစပ်သည့်် ကျေးရွာ အုပ်စု ၄ အုပ်စုမှ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်၏ လေယာဉ်များ မကြာ ခဏပျံဝဲနေ သည့် အတွက်ကြောင့် ကျေးရွာအတွင်းမနေရဲဘဲ လူဦးရေ ၁,၃၀၀၀ ခန့်တိမ်းရှောင်နေရပြီး ထွက်ပြေး တိမ်းရှောင်သူနှင့်ပိတ်မိနေသူ စုစုပေါင်း လူဦးရေ ၁,၆၀၀၀ အထိရှိနေပြီးဖြစ်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ ပြုစုထားသော စာရင်းတွင် ဖော်ပြထားသည်။
အလားတူ ပြီးခဲ့သည့် မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က ကျေးရွာအတွင်းနှင့် ဒေသခံပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များကို လက်နက်ကြီးကျည် စုစုပေါင်း ၄၂လုံး နှင့် ဒရုန်းယာဉ်ဖြင့် ဗုံးငယ် စုစုပေါင်း (၁,၄၈၅) လုံးကြဲချခဲ့ခြင်းကြောင့် ဖာပွန်ဒေသခံပြည်သူများ၏ နေအိမ် ၄၂ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ဧပြီလ ၂ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။



















