Home သတင်း ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက် ကြီးမားဆဲ

ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက် ကြီးမားဆဲ

168
Photo: CJ

ဧပြီ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ပိုင်ကျုံမြို့နယ်အတွင်းသို့ ရောက်ရှိ စစ်ဘေးရှောင်နေကြရသူများ အနေဖြင့် အစားအသောက် နှင့် နေထိုင်ရေးအတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲ ဖြစ်ကြောင်း စစ်ရှောင်များကို အနီးကပ်ကူညီပေးသူများက ပြောသည်။

စစ်ဘေးရှောင် ကူညီသူများ၏ နောက်ဆုံး ကောက်ယူရရှိထားသည့် စာရင်းများအရ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းအတွင်းသို့ စစ်ဘေးလာရောက်တိမ်းရှောင်သူများထဲမှ အိမ်ထောင်စု တစ် ထောင် နီးပါး ရှိသည့်အနက် အိမ်ထောင်စု (၅၆၁) စုအတွက် ယာယီနေထိုင်ရန်ဖက်အမိုး နှင့် ဝါးအပြင် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေကြောင်း အမည်မဖော်လိုသူ စစ်ရှောင်ကူညီသူ ဒေသခံ ကရင်လူငယ်တစ်ဦးက ယခုလိုပြောသည်။

“ဒီကြားထဲမှာ CIDKP (ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ) က မဝင်တာ ကြာပြီး။ ပြီးခဲ့တဲ့တစ်ခေါက်က ပိုက်ဆံပဲ ပေးသွားတယ်။ ဖက်နဲ့ဝါးလည်း ဝယ်ပေးတယ်။ ဒါပေမဲ့ ဆန်တို့ ဘာတို့က မလာတာကြာပြီး။ အခုက အိမ်ထောင်စု တစ်ရာလောက်က ဖက်နဲ့ဝါး လိုနေတယ်။ ကျန်တဲ့ အိမ်ထောင်စုလေးရာကျော်က အစားအသောက်လိုနေတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသူအချို့မှာ နီးစပ်ရာ ထိုင်းနယ်စပ်ဒေသများသို့ သွားရောက် ခိုလှုံ နေကြသူများရှိပြီး လက်ရှိအချိန်ထိ ကော့ကရိတ်တွင် တိုက်ပွဲဆက်ရှိနေသေးသည့် အခြေအနေကြောင့် ဒေသခံအများစု နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးဆက်လက်တိမ်း ရှောင်နေကြရသူများလည်း ရှိနေသေးသည်။

ထို့အပြင် အဆိုပါ စစ်ဘေးဆက်ရှောင်သူများ နေထိုင်နိုင်ရန် မိုးတွင်းကာလမတိုင်ခင် ယာယီ နေအိမ် အဆောက်အဦးများအတွက် ဖက်အမိုးနှင့် ဝါးများ လိုအပ်နေခြင်းဖြစ်သလို စစ်ရှောင်ကလေး ငယ်များ လည်း လာမည့်နှစ် ပညာဆက်လက်သင်ယူရာတွင် ကျောင်းသုံးပစ္စည်းလိုအပ်မှုများလည်းရှိကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။

Photo: CJ

ပြီးခဲ့သည့် မတ်လ(၂၅)ရက်နှင့် (၂၆)ရက်နေ့ကလ ည်း ထိုင်းနိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် ကရင်ပြည် နယ်၏မြို့နယ် ၃ ခုအတွင်း စစ်ဘေးရှောင်များအတွက် ဆန်(ခြောက်ပြည်အိတ်)၊ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် နှင့် တစ်ကိုယ်ရေသုံးပစ္စည်း အချို့ကို လာရောက်ကူညီပေးခဲ့သေးသည်။

အလားတူ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဒေသအတွင်းရှိ စစ်ကောင်စီ တပ်စခန်းကုန်းများကို နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ သောကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း နှင့်လက်နက်ကြီး ပစ်ကူများကို အပြင်အထန် အသုံးပြုခဲ့သည်။

ထိုနှစ်ဖက် တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သလို ထောင်နှင့်ချီသည့် ဒေသခံများလည်း နီးစပ်ရာမြဝတီမြို့ နှင့် ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေ အတွင်းသို့ ထွက်ပြေး ခိုလှုံလာသူ များရှိပြီး ၎င်းတို့ကို ကရင့်လက်နက်ကိုင်ပူးပေါင်း ၃ဖွဲ့က ကူညီစောင့်ရှောက် ထားပေးသော်လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံ စစ်ရှောင်များက ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိ အချိန်ထိ ဖြစ်ပွားသည့် နှစ်ဖက်ပစ်ခတ်မှုကြောင့် ကော့ကရိတ်ရပ်ကွက် ၇ ခုမှ လူနေအိမ် ၃၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိတွင် မြို့ပျက်တစ်ခုဖြစ်ပွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။