ဧပြီလ ၃၀ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီးတွင် နွားကျောင်းနေသည့်ကလေးငယ်တစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့(KnHRG)၏ ယမန်နေ့ ဧပြီလ (၂၉)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ဧပြီလ(၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းကို ပူဖားကျေးရွာမှ အသက် (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ နွားကျောင်းနေသည့်အချိန်အတွင်း နင်းမိခဲ့ခြင်းကြောင့် သေဆုံးခဲ့ရ ကြောင်း Karenni Nationalities Defense Force(KNDF) မှ ပြန်ကြားရေးတာဝန်ခံစောတာအယ်စိုးကလည်း ယခုလို အတည်ပြုပြောဆိုသည်။
၎င်းက “ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ပူဖားကျေးရွာနားမှာ နွားကျောင်းနေတဲ့ ကလေးတစ်ယောက် မြေမြှုပ် မိုင်းနင်း မိပြီး သေဆုံးသွားတယ်။ သေဆုံးသွားတဲ့ ကလေးကတော့ အခုမှ(၁၄)နှစ်ပဲရှိသေးတယ်။ မိုင်းစနစ် တစ်ကျ ရှင်းလင်းမှုတွေ မလုပ်ဆောင်ရသေးတဲ့အတွက် မိုင်းကတော့ ရှိနေတုန်းပါပဲ။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ပူဖားကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ (၂) နှစ်ကျော်ကြာတပ်စွဲထားခဲ့ပြီး လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေကို ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ယနေ့အချိန်ထိ မြေမြှုပ်မိုင်းမရှင်း လင်းနိုင်သေးသောကြောင့် နေရပ်စွန့်ခွာသည့် ဒေသခံစစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ချိန်တွင် ယခုလို မြေမြှုပ်မိုင်းများကို နင်းမိရခြင်းဖြစ်ကြောင်း စောတာအယ်စိုးက ဆက်ပြောသည်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ၏၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန် ထားသည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မြေမြှုပ်မိုင်းနှင့် စစ်တပ်၏စစ်လက်နက် အကြွင်း အကျန်ပစ္စည်းများကြောင့် နိုင်ငံတစ်ဝှမ်းအရပ်သား (၁၈၈) ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ဖက် တိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး စစ်တပ်ဘက်မှ အရပ်သားများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု မြင့်တက်ခဲ့ကြောင့် လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့အစည်းများ၏ စစ်တမ်းထုတ်ပြန်ချက်များအရ သိရသည်။



















