Home သတင်း စစ်ကူလာသည့် စစ်ကောင်စီစစ်ကား ကြားဖြတ်တိုက်ခိုက် ခံရ၍ တပ်ဖွဲ့ဝင်(၄၀) ကျော်သေဆုံး

စစ်ကူလာသည့် စစ်ကောင်စီစစ်ကား ကြားဖြတ်တိုက်ခိုက် ခံရ၍ တပ်ဖွဲ့ဝင်(၄၀) ကျော်သေဆုံး

187
Photo: Crd.

ဧပြီလ ၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ အမြှောက်တပ်သို့ မြေတင် ကားဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄၀) ကျော် သေဆုံးခဲ့ကြောင်း Ba Htoo Army-ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။

ရေး-ထားဝယ်လမ်းမကြီးပေါ်တွင် စစ်ကောင်စီ အမြှောက်တပ်(အမတ-၃၀၂) သို့ မြေတင်ကားဖြင့် စစ်အင်အား ဖြည့်တင်းရန် လာရောက်ပို့ဆောင်စဉ် နံနက်(၇)နာရီ ဝန်းကျင်အချိန်တွင် ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်-(KNLA) တပ်မဟာ(၆)၊ တပ်ရင်း(၂၇)နှင့် ဗထူးတပ်မတော်(BHA) တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ယခုလိုပြောသည်။

“သူတို့ကတော့ ကလိန်အောင်ဘက်ကနေ ထားဝယ် ဘက်ကို အင်းအားဖြည့်ဖို့ ဆင်းလာတဲ့အချိန်ပေါ့။ ရေး-ထားဝယ်လမ်းမကြီးအတိုင်း။ အဲ့ဒီအမြောက်တပ်က ခဏခဏ လက်နက်ကြီးတွေ ရမ်းပစ်တာတွေ လုပ်တယ်။ စစ်သားကတော့ အကုန်လုံးနီးပါးသေတယ်။ အတည်ပြုတာကတော့ ကျနော်တို့ မျက်မြင်တွေ့ရှိတာရယ်၊ တပ်အတွင်း သတင်းတွေကြောင့် အတည်ပြုနိုင်တာပါ။” ဟု ကေအိုင်စီ သို့ပြောသည်။

Photo: Crd.

အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် (၄၀) ကျော် ထိခိုက်သေဆုံးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာ လာနိုင် ကြောင်းလည်း ရဲဘော်ထက်မြက်က ဆက်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းကလည်း ဇဟာကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၀၂)တပ်ရင်း မှ တပ်မတော်နေ့ အခမ်းအနားအတွက် ကျေးရွာရှိ လမ်းမကြီးအားပိတ်၍ လုံခြုံရေးယူနေစဉ် ဗထူးတပ်မတော်(BHA)နှင့် ရေဖြူပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(YPPDF)ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့သေးသည်။