Home သတင်း ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း တစ်နှစ်တာပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲ ကျင်းပ

ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း တစ်နှစ်တာပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲ ကျင်းပ

204

ဧပြီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတစ်ကျောင်းဖြစ်သော ခွဲကဘောင် ကရင် အမျိုးသားအထက်တန်းကျောင်း၏ ၂၀၂၃− ၂၀၂၄ ပညာသင်နှစ်အတွက် အထက်တန်း ပညာအောင်မြင် သွား သည့် ကျောင်းသူ/သားများအား အောင်လက်မှတ်ပေးအပ်သည့် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

ယခုပညာသင်နှစ်တွင် အောင်မြင်သွားသော ကျောင်းသူ/သားများအား ၎င်းတို့ရှေ့ဆက်တက်ရောက် ပညာ သင်ကြားလိုသည့် ကျောင်းနှင့် ဝင်ရောက်လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများကို ချိတ်ဆက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည်ဟု ကျောင်းအုပ်ကြီးဖြစ်သူ မန်းကျော်ခလိန်းယှူးက ယနေ့ကျောင်းဆင်းပွဲအခမ်း အနားတွင် ပြောကြားခဲ့သည်။

၎င်းက “ကရင်လူမျိုး ကျောင်းသူ၊ ကျောင်းသားနဲ့ ပြည်တွင်းကနေပြောင်းရွှေ့လာတဲ့ ကျောင်းသား တွေအတွက်ရော ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့သူတွေကို GED ချိတ်ဆက်ပြီး တက္ကသိုလ်ဆက်တက်ဖို့ ကူညီပေးသွားမယ်။ တချို့ကျောင်းသားတွေအတွက် အဖွဲ့ အစည်းတွေမှာ လုပ်ချင်ရင်လည်းလျှောက်ပေးသွားပါမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲအခမ်းအနားသို့ မြန်မာရွှေ့ပြောင်းပညာရေး တာဝန်ရှိသူများ၊ သံဃာတော်များ၊ ကျောင်း ဆရာ/မများ၊ ကျောင်းသူ/သားများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်များအပါအဝင် လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများက အမှာစကားများပြောကြားခြင်း၊ Grade 11 နှင့် Grade 12 စသည့် အထက်တန်း အောင်မြင်သွားသည့် ကျောင်းသူ/သား ၂၅ ဦးအား ကျောင်းအောင်လက်မှတ် ပေးအပ်ခြင်းနှင့် မူလတန်းမှ အထက်တန်းအထိ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အထက်တန်းအောင်မြင်သွားသော ကျောင်းသား စောထူးက “ဒီမှာ ကျနော်တို့နယ်မြေမဟုတ်တော့ အခက်အခဲ အများ ကြီးရှိတယ်။ ဘော်ဒါဆောင်မှာ နေတာကလည်း ရေဖြစ်ဖြစ်၊ အစားအစာဖြစ်ဖြစ် အခက်အခဲရှိ ပေမယ့်လည်း မိဘရဲ့ပံ့ပိုးမှု ထောက်ပံ့မှုတွေကို ပြန်ငဲ့ပြီး လက်မလျှော့ဘဲနဲ့ ဆရာ/ဆရာမတွေရဲ့ အားပေးမှု တွေကို ခွန်အားအဖြစ် ပြန်ယူလိုက်တော့ ဒီနေ့ကျောင်းပြီးသွားတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ခွဲကဘောင်ကရင်အမျိုးသားအထက်တန်းကျောင်းတွင် KG အတန်းမှစ၍ ၁၂ တန်းအထိ ကျောင်းသူ၊ ကျောင်း သားပေါင်း ၃၀၀ ကျော်ခန့် ပညာသင်ကြားနေလျက်ရှိပြီး အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ သိပ္ပံ ဘာသာရပ်များအပြင် ထိုင်း၊ ကရင် (ပိုး၊ စကော) စသည့် ဘာသာရပ်များကိုလည်း နေ့ရက်အလိုက် သင်ကြားပေးသည်ဟု သိရသည်။

ခွဲကဘောင် ကရင်အမျိုးသားစာသင်ကျောင်းကို ယမန်နှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားသည့် မန်း ဗလစိန်(ခ) ဖူ့ခွဲကဘောင် ဦးဆောင်၍ ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၇နှစ် သက်တမ်းရှိပြီးဖြစ်သည်။