Home သတင်း ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် နှစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ ကျော် တိမ်းရှောင်နေရ

ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် နှစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၅၀,၀၀၀ ကျော် တိမ်းရှောင်နေရ

235
Photo: CIDKP

ဧပြီလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် ပြီးခဲ့သည့် မတ် (၁၃)ရက်နေ့မှ (၂၆)ရက် အထိ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ဘေးရှောင်(၅၀,၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း မြန်မာ့ငြိမ်းချမ်းရေး လေ့လာ စောင့်ကြည့်နေသည့် BNI-Myanmar Peace Monitor (MPM) ၏ မှတ်တမ်းများအရ သိရသည်။

ကရင်၊ ကချင်၊ စစ်ကိုင်းနှင့်ပဲခူးတိုင်းတွင် နှစ်ပတ်တာကာလအတွင်း နေရပ်ရှောင်တိမ်းနေထိုင်ရသည့် စစ်ဘေးရှောင် (၅၀,၆၅၁)ဦး ရှိသည့်အနက် တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသော ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် စုစုပေါင်း စစ်ဘေးရှောင်(၄၀,၀၀၀)ဖြင့် အများဆုံးဖြစ်နေကြောင်း BNI-MPM ၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်တပ်ကအာဏာသိမ်းယူချိန်မှစ၍ လက်ရှိအချိန်ထိ တော်လှန်ရေးအရှိန်ရလာသည်နှင့်အမျှ ဒေသ တွင်းရှိ သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏ စစ်ရေးနယ်ပယ်ကျယ်ပြန့်လာသလို စစ်ကောင်စီက ပြည်သူလူထုအပေါ် ထင်ရှားစွာ ပစ်မှတ်ထားတိုက်ခိုက်လာခြင်းတို့ကြောင့် စစ်ဘေးရှောင် အရေအတွက် သည်လည်း တိုးပွားလာနေခြင်းဖြစ်ကြောင်း စစ်ရှောင်အရေးအကူအညီပေးနေသူများ၏ သုံးသပ်ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲများကြောင့် လနှင့်ချီ စစ်ရှောင်နေရသည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နေ ဒေသခံတစ်ဦးက “ကျနော်တို့ရွာကလူတွေလည်း ဟိုတောရောက် ဒီတောင်ရောက်ပါပဲ ၊ ဒီဘက်မှာ ကလယ်သမားတွေဆိုတော့ ရတဲ့ဈေးနဲ့ ပေးတဲ့ဈေးနဲ့ စပါးရောပဲရောရောင်းထုတ်ပစ်ရတယ် ။ ဈေးကတော့ နှိမ်ခံရတာပေါ့ ကျနော်တို့ဘက်မှာ မပြေးရတဲ့ရွာကခပ်ရှားရှားပဲ အသံလေးကြား ရင်စစ်ရှောင်တဲ့နေရာမှာ အသာလေးငြိမ်နေလိုက် အသံတိတ်ရင်ထွက်လိုက်ပေါ့” ဟု ကေအိုင်စီကို ပြောသည်။

Photo: CIDKP

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် တပ်မဟာ(၃) နယ်မြေအတွင်းရှိသလို KNU ၏ စစ်ဘေးရှောင်(၇)သိန်းကျော်အနက် အရေအတွက် အများဆုံးသော ညောင်လေးပင်ခရိုင်အတွင်းမှ မြို့နယ်တစ်ခုလည်း ဖြစ်သည်။

ထို့အတူ နှစ်ပတ်တာကာလတွင် KNU ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော ကရင်ပြည်နယ်အတွင်း စစ်တပ် အကြမ်းဖက်မှုကြောင့် (၉,၂၅၁)ဦး စစ်ဘေးရှောင်နေရပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုပြုလုပ်သည့် စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင် (၁,၄၀၀)ဦးရှိကြောင်း BNI-MPM ၏ အဆိုပါမှတ်တမ်းအရ သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA Myanmar ကလည်း မြန်မာနိုင်ငံအနှံ့ စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူ ၃ သန်းနီးပါးရှိလာဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လ(၁၉)ရက်နေ့က ထုတ်ပြန်ထားသလို လူသားချင်းစာနာမှုအကူအညီပေးရန် ရန်ပုံငွေလိုအပ်ချက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။