Home သတင်း ရှမ်းပြည်မြောက်ပိုင်းသို့ အလုပ်သွားလုပ်သော လိပ်သိုဒေသခံ CDM ဆရာမ(၃)ဦးနှင့် ကျောင်းသူ(၂)ဦး ဖမ်းဆီးခံရ

ရှမ်းပြည်မြောက်ပိုင်းသို့ အလုပ်သွားလုပ်သော လိပ်သိုဒေသခံ CDM ဆရာမ(၃)ဦးနှင့် ကျောင်းသူ(၂)ဦး ဖမ်းဆီးခံရ

880

မတ်လ (၂၀) ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းနေထိုင်သူ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပါဝင်ထားသူ ကျောင်းဆရာမ (၃) ဦးနှင့် ကျောင်းသူ(၂)ဦး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပညာရေး CDM ဝန်ထမ်း များ ခေါ်ယူနေသဖြင့် အလုပ်လုပ်ရန်သွားစဥ် စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရကြောင်း မိသားစုဝင်များ နှင့်နီးစပ်သူထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပညာရေးကဏ္ဍလည်ပတ်နိုင်ရန် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသော ဆရာ၊ဆရာမများအား ဌာနေပညာရေးကော်မတီအဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖိတ်ခေါ်နေခြင်းဖြစ်သည်။

ထိုသို့ ဖြင့် လိပ်သိုဒေသခံ CDM ဆရာမ(၃)ဦးနှင့် တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူ အသက်(၂၀)ဝန်း ကျင်အရွယ် ကျောင်းသူ(၂)ဦးတို့သည် ပြီးခဲ့သည့် မတ်လ(၁၆)ရက်နေ့က ရှမ်းမြောက်ဒေသသို့ သွားသည့် လမ်းခု လတ်တစ်နေရာတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့အထိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်ဟု မိသားစုဝင်နှင့်နီးစပ်သူအမျိုးသမီးက ယခုလိုပြောသည်။

၎င်းက “သွားတာကတော့ စာသင်ပေးဖို့ အချိတ်အဆက်နဲ့သွားကြတာ တောင်ကြီးမှာတစ်ညအိပ်သေးတယ်။ စစ်ကောင်စီဘယ်တပ်ဂိတ်မှာ ဖမ်းခံလိုက်ရတာလဲတော့ မသိရဘူး။ ဖမ်းခံလိုက်ရပြီဆိုပြီး သူတို့အဆက်အသွယ်က မိသားစုဝင်တွေကိုအကြောင်းကြားလာတာ။ ရှမ်းမြောက်ဘက်က CDM ပညာရေးဝန်ထမ်းတွေခေါ်နေလို့ ပညာရေးဘက်က ပါဝင်ဖို့သွားတာမှာ စာရွက်တစ်ချို့ပါသွားတာကြောင့် ဖမ်းခံရတာလည်းဖြစ်နိုင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA သိမ်းယူထားသည့်မြို့များအပါအဝင် ရှမ်းပြည် နယ်မြောက်ပိုင်းရှိပြည်နယ်များအတွင်း လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၅၀၀) ထက်မနည်း ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် နိုင်ငံတစ်ဝှမ်းရှိ CDM ဆရာ၊ ဆရာမများအား ပညာသင်ကြားရေးတွင်ပါဝင်ရန် ဖိတ်ခေါ်ကြောင်း တော်လှန်ရေးနှင့် ပညာရေးအစုအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဖိတ်ခေါ်ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသာမက အခြားဒေသရှိ CDM ဆရာ၊ဆရာမ များလည်း လျှောက်ထားလာမှုရှိပြီး ၎င်းတို့လမ်းခရီးအတွက် ဒေသအခြေအနေအား သတိပေးပြောဆိုမှုရှိကြောင်း တအာင်းအမျိုးသားပညာရေးကော်မတီ-TLEC က ပြောသည်။

TLEC ၏ တာဝန်ရှိသူတစ်ဦးက “ကျမတို့ဆီမှာ တခြားဒေသကနေ လျှောက်လာတဲ့ ဆရာ၊ဆရာမတွေရှိတယ် ။ သူတို့ကိုလည်း မလာခင်ကတည်းကပြောထားတယ်။ အဲဒီလိုအပ်တဲ့အထောက်အထားတွေကို Soft file နဲ့ပဲ ပို့လာခိုင်းတယ်။ ဒီဘက်လာမယ်ဆိုရင်လည်း အတတ်နိုင်ဆုံးလမ်းကြောင်းလေးတွေ ဒေသအခြေအနေတွေကို ပြောပြပေးတယ်။ စစ်တပ်ကဖမ်းသွားပြီဆိုရင်တော့ ဘာမှလုပ်ပေးဖို့အဆင်မပြေတော့ဘူး” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းရှိ CDM များအပါအဝင် တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့ရာ ယခု မတ်လ(၁၉)ရက်နေ့အထိ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၆,၀၀၀) ကျော်ရှိနေပြီး ပြည်သူ (၄,၇၀၀) ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏စာရင်းများအရ သိရသည်။