Home သတင်း နိုင်ငံရေးကို ခုတုံးလုပ်ပြီး မြဝတီလမ်းပေါ်ပြေးဆွဲသည့်မော်တော်ယာဥ်နှင့် လမ်းကြေးကောက်ခံသည့် အဖွဲ့အချို့ စီးပွားဖြစ်နေ

နိုင်ငံရေးကို ခုတုံးလုပ်ပြီး မြဝတီလမ်းပေါ်ပြေးဆွဲသည့်မော်တော်ယာဥ်နှင့် လမ်းကြေးကောက်ခံသည့် အဖွဲ့အချို့ စီးပွားဖြစ်နေ

855
Photo: CJ

မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ တောလမ်း၊ တောင်ပတ်လမ်းများ တဆင့်သွားလာနေသော မော်တော်ယာဥ်အချို့နှင့် ထိုလမ်းကြောပေါ်တွင် ဂိတ်ကြေးကောက်ခံနေသော အဖွဲ့အစည်းအချို့ မှာ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲနှင့် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကို ခုတုံးလုပ်ပြီး ခရီးသည်များထံမှ ငွေကြေးအဆမတန် ကောက်ခံခြင်းဖြင့် စီးပွားဖြစ်နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

လာမည့် (၂၅)ရက်နေ့မှ သင်္ကြန်ပြီးသည်အထိ မြဝတီလမ်းများ ပိတ်ထားမည်ဟူသော ကောလာဟ လများ ထွက်ပေါ်လာပြီးနောက်ပိုင်း မော်တော်ယာဥ်အချို့က ခရီးသွားပြည်သူများထံမှ ယာဥ်ခ သိန်းနှင့်ချီကောက်ခံနေကြကြောင်း ခရီးသွားလာသူများ၏ပြောပြချက်နှင့် စပ်လျဥ်းပြီး ကေအိုင်စီက စုံစမ်းသိရှိရခြင်းဖြစ်သည်။

ထိုသို့ လမ်းပိတ်မည့်သတင်းများထွက်ပေါ်လာခြင်းကလည်း မြဝတီလမ်းပေါ်တွင် ဂိတ်ကြေး ကောက်ခံနေသည့် အဖွဲ့နှင့် မော်တော်ယာဥ်မောင်းနှင်သူအချို့က တိုင်းပြည်မငြိမ်မသက်မှုကို အခွင့်ကောင်းယူကာ စီးပွားရှာနေကြခြင်းဖြစ်ကြောင်း ယာဥ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“(၂၅)ရက်နေ့စပိတ်မယ်ဆိုတာတော့ ကျနော်တို့မယုံဘူး၊ နိုင်ငံရေးကိုခုတုံး လုပ်ပြီးလုပ်စားနေတဲ့လူတွေပါ ပိတ်မယ်ဆိုပြီးသတင်းလွှင့်တယ် ပြီးရင် လမ်းကြေးတွေပိုကောက်မယ် ။ မြဝတီအထိကိုသိန်းချီပေးနေရတာဟုတ်ပါတယ်။ ဒါပေမဲ့တချို့ကားသမားတွေပဲတောင်းတာပါ။ စစ်မှု မထမ်းရဥပဒေပြဌာန်းထားတော့ လူငယ်တွေက ထိုင်းဘက်ကိုသွားနေကြတာများတယ်။ ဒီအပေါ်မှာအခွင့်ကောင်းယူပြီး လုပ်စားတဲ့ကားတွေကလည်း လုပ်စားနေကြတာ” ဟု ၎င်းက ပြောသည်။

မြဝတီသွားသည့် လမ်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များက ဂိတ်ကြေး တိုးမြှင့်ကောက်ခံ နေကြခြင်းလည်းရှိသဖြင့် ယာဥ်ခများကို ပိုမိုတောင်းယူရခြင်းဖြစ်သည်ဟုလည်း မော်တော် ယာဥ်ပြေးဆွဲနေသူများက ဆိုသည်။

အမည်မဖော်လိုသူယာဥ်မောင်းက “ဖားအံအဝင်ကနေ တောင်မှ တစ်ခါတလေ သိန်းချီ ပေးရတာမျိုးရှိတယ်။ လမ်းမှာက ဂိတ်ကြေးတွေလည်းပေးရတယ်လေ။ ဘယ်အဖွဲ့ကကောက်တာလဲဆိုတာ တိတိကျကျမေးလို့ကိုမရဘူး။ တစ်ခါတစ်လေ တင်လာတဲ့စားသောက်စရာပစ္စည်းတွေကို ဆွဲချရင်ဆွဲချ ပိုက်ဆံပိုကောက်ရင်ကောက် အဲ့လိုလုပ်နေကြတာ။ ယူနီဖောင်းမဝတ်ဘဲ လက်နက်ကိုင်ပြီးဂိတ်ကြေးတောင်းတာ KNU လိုလို BGF လိုလို DKBA လိုလိုပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လက်ရှိအချိန်ထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်သဖြင့် ပုံမှန်အသုံးပြုနေသာ မြဝတီ-ကော့ကရိတ် အာရှလမ်း သွားလာမှုများပြတ်တောက်သွားပြီး အခြားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်သော မြဝတီ-ထို့ကော်ကိုးတောင်ပတ်လမ်းကို ပြောင်းလဲအသုံးပြုနေရခြင်းဖြစ်သည်။

ထို့ကော်ကိုးလမ်းမှာလည်း ဖုန်ထူထပ်ပြီး လမ်းပျက်စီးမှုရှိသလို အတက်အဆင်း အခက်အခဲရှိသဖြင့် ထိုလမ်းထက်ပိုကြမ်းသော ကြက်ဥတောင်လမ်းကို အစားထိုးအသုံးပြုသည့်မော်တော်ယာဥ်များလည်း ရှိကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

အလားတူ စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူမှုကြောင့် ကရင်ပြည်နယ်အပါအဝင် တောင်ပိုင်း တိုင်းရှိမြို့နယ်၊ ကျေးရွာနေ လူငယ်၊ လူရွယ်များမှာ စစ်မှုထမ်းတိမ်းရှောင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်လာကြနေကြသည်ဟုလည်း သက်ဆိုင်ရာနယ်မြေတွင်း သတင်းအရင်းအမြစ်များက ပြောသည်။