မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေထဲတွင် စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း (၂၄)ခု တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ကေအဲန်ယူ-တပ်မဟာ ၂၊ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ တို့ ပူးပေါင်းလုပ်ဆောင်နေသည့် နယ်မြေ အတွင်း စစ်ကောင်စီတပ်စခန်းများ ရှင်းလင်းရေး လှုပ်ရှားတစ်ခုဖြစ်သော ကမ်ပိန်း သောသီခိုအစီအစဉ်၏ ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့ ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ သိမ်းပိုက်နိုင်သည့် စခန်းအချို့သည် စစ်ကောင်စီ၏ အရေးပါသည့် စခန်းပါဝင်သည့်အတွက် ခက်ခက်ခဲခဲနှင့် တက်ရောက်သိမ်းပိုက်ရသည့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရသလို စစ်ကောင်စီစွန့်ခွာထားသည့် စခန်းအချို့လည်းပါဝင်ကြောင်း နယ်မြေခံ ကေအဲန်ယူခေါင်းဆောင်တစ်ဦးက ပြောသည်။
၎င်းက“ ဒီစခန်းတွေက လွယ်လွယ်နဲ့တက်သိမ်းလို့ရတာတော့မဟုတ်ဘူး။ ခက်ခက်ခဲခဲနဲ့ တက်သိမ်း ရတာဖြစ်တယ်။ အဲဒီစခန်းတွေက အချက်အခြာကျတဲ့စခန်းတွေဖြစ်တယ်။ ဥပမာ သော်လဲထာစခန်း၊ မယ်ခါးထာစခန်းတွေဆိုရင် သူတို့အတွက်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီနေရာတွေက နယ်စပ်စခန်းဖြစ်တယ်။ နယ်မြေစိုးမိုးရေးပဲဖြစ်ဖြစ်၊ လက်နက်ခဲယမ်းသယ် ယူပို့ဆောင်ရေးဖြစ်ဖြစ်၊ အခြားစခန်းတွေကို ရိက္ခာတွေ ပို့ဆောင်တာဖြစ်ဖြစ် သူတို့အတွက် အရမ်းအရေးကြီးတဲ့စခန်းတွေဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကမ်ပိန်းသောသီခို၏ ထုတ်ပြန်ထားချက်အရ တက်ရောက်သိမ်းပိုက်နိုင်သည့်စခန်းများမှာ ပဟောထာ (တခေါ်ထာ)၊ မိုလိုကြိုး (ထီးထာ)၊ တဖေခီး (ဝါသိုးထာ)၊ဆာလော်ကြိုး၊ မယ်ရာထာ၊ မယ်တရီထာ၊ သီးမူထာ၊ မယ်ပရီဒို့၊ လယ်ကျေးဒေါခို (စော်ထာ)၊ ကျော်ဖိုးထာ၊ ရီးကြာထာ၊ ထီးထော်ပယ်၊ ခေါ်ဒေါခို၊ မယ်ပေါမူထာ၊ ဖော်မူကြိုး၊ သီးရိုထာ၊ အူးသူထာ၊ဝေါ်မူ (ဝင်းမောင်)၊မယ်ဝေ (မဲဝိုင်)၊ ပါခယ်ကြိုး၊ ကေ့ကော် (ဂိုင်းကုတ်)၊ မြေနီကုန်း၊ ကြုလူနှင့် လယ်ကလေးကြိုစသည့် စခန်းများဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စခန်း ၂၄ ခုအနက် လက်ရှိတွင် ဝလုစခန်းနှင့် ညါ့တကိုကြိုး စခန်းတို့မှာ စစ်ကောင်စီတပ်များ ပြန်လည်အခြေချတပ်စွဲထားနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ကေအဲန်ယူ နယ်မြေတာဝန်ရှိသူထံမှ သိရသည်။
ကေအဲန်ယူ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)ထဲတွင် စစ်ကောင်စီတပ် လာရောက် အခြေချသည့် စခန်းကြီး စခန်းငယ်စုစုပေါင်း (၈၀)ခုရှိကြောင်း ကေအဲန်ယူပြုစုထားသည့် စာရင်းအရ သိရသည်။



















