မတ်လ ၂၂ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ပြည်သူ့ဆေးရုံတစ်ခုကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းမှပေါင်(၅၀၀)ဗုံးသီးဖြင့် ကြဲချတိုက်ခိုက်သည့်အတွက် ဆေးဝန်ထမ်း ၂ ဦး သေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Karenni Human Rights Group-KnHRG က ယနေ့ သတင်းထုတ်ပြန်ထားသည်။
လအိကျေးရွာရှိ ပြည်သူ့ဆေးရုံကို ယနေ့နံနက်(၁၀) နာရီဝန်းကျင်အချိန်ခန့်တွင် ကရင်နီတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး သီးဖြင့် လေကြောင်းမှ လေးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ဖြစ်ကြောင်း KnHRG က ထုတ်ပြန်ထားသည်။
Karenni Nationalities Defense Force-KNDFမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တာ အယ်စိုးက “လအိကျေးရွာမှာရှိတဲ့ဆေးခန်းကို စစ်ကောင်စီတပ် ကနေပြီး တော့မှ ပေါင်(၅၀၀)ဗုံးနဲ့လေးကြိမ်လာရောက် တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဗုံးကြဲခံရလို့ ကူညီကယ်ဆယ်ဖို့သွားတဲ့ လူငယ်တစ်ဦးရယ်၊ လူကြီးပိုင်း အမျိုးသားတစ်ဦး နှစ်ဦးသေဆုံးခဲ့ရပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါလေကြောင်းမှ လေးကြိမ်တိုင်တိုင် ပစ်ခတ်မှုများကြောင့် ဆေးရုံရှိဝန်ထမ်းအမျိုးသား(၂)ဦး အပြင် အရပ်သားပြည်သူ (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့ထဲမှ (၂)ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း KnHRG က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ နံနက်(၁၀)နာရီဝန်းကျင်ကလည်း ဖယ်ခုံမြို့နယ် ရွှေစမ်းကျေးရွာထဲသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် အမျိုးသမီး(၄)ဦး ထိမှန်သေဆုံးခဲ့သေးကြောင်း သိရသည်။



















