မတ်လ ၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ၊ ထားဝယ် အရှေ့တောဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ဒေသခံ အရပ်သားပြည်သူထောင်နှင့်ချီ စစ်ရှောင်နေရပြီး ထောက်ပံ့မှုအကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ ၂၈ရက်နေ့အထိတွင် ထာဝယ်အရှေ့တောဒေသ တောင်သုံးလုံးနှင့် ရွှေချောင်း ကျေးရွာ များတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်သည့်အတွက် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ဝကုန်း၊ ဟိန္ဒားကျေးရွာအပါအဝင် မေတ္တာမြို့လုံးကျွတ် ဒေသခံအရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
အဆိုပါ စစ်ရှောင်နေသူအများစုသည် ထိုင်း-မြန်မာနယ်စပ်ဘက်တွင် သွားရောက်တိမ်းရှောင်ကာ ထိုင်းတာဝန်ရှိသူများဘက်မှ နိုင်ငံအတွင်း ပေးဝင်ခြင်းမပြုသည့်အတွက် နယ်စပ်ကျေးရွာများတွင် အဆင်ပြေသလို ခိုလှုံနေထိုင်ကြရပြီး လက်ရှိတွင်အရေးပေါ်အကူအညီအများလိုအပ်နေကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။
၎င်းက “ စစ်ရှောင်တွေက တချို့ကစားစရာ ဘာမှမပါလာဘူး။ တချို့ကတော့ နှစ်ရက်သုံးရက်စာလောက်တော့ ပါလာတယ်။ စစ်ရှောင်ဦးရေက ထောင်နဲ့ ချီရှိတယ်။ အကူအညီကမရှိဘူး။ ကူညီတဲ့အဖွဲ့ တွေကလည်းမရောက်ဘူး။ ကျနော်တို့က တတ်နိုင်သလောက် ရှာပြီး ထောက်ပံ့ပေမယ့်လည်း မလောက်တဲ့ အနေအထားမှာရှိတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဒေသအတွင်း ဆန်ရိက္ခာသယ်ဆောင်မှုကို စစ်ကောင်စီတပ်က ကန့်သတ်ထားခဲ့သဖြင့် ဒေသခံ ပြည်သူများမှာ ဆန်ရိက္ခာများ လုံလောက်စွာ ဝယ်ယူသိုလှောင်ထားခြင်းမရှိသည့်အတွက် ယခုလို ရက်ရှည် တိမ်းရှောင်နေရပါက အစားအစာ ပြတ်လပ်သွားနိုင်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ထားဝယ်မြို့မှတစ်ဆင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထားဝယ်-ထီးခီး လမ်းဘက်သို့ စစ်ကြောင်းထိုးလာကာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကျောက်မဲတောင်-ဝကုန်းရွာကြား ရောက်ရှိချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ PDF ပူးပေါင်း စစ်ကြောင်းများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီကား ၇ စီး မီးလောင်ပျက်စီးခဲ့သည်။
ထို့နောက် ကျောက်မဲတောင်စခန်း၊ မေတ္တာဗျူဟာကုန်းစခန်းရှိ စစ်ကောင်စီစစ်ကြောင်းတို့မှ လက်နက်ကြီးများနှင့် လှမ်းပစ်ခတ်မှု လုပ်ဆောင်သည့်အပြင် လေကြောင်းပစ်ကူတိုက်ခိုက်မှုများကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံးနှင့် ရွှေချောင်းကျေးရွာရှိ ဒေသခံလူထု ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသလို ဒေသခံအချို့ကိုလည်း လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခြင်းရှိကြောင်း ဒေသအတွင်းရှိ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။



















