Home သတင်း စစ်သင်တန်းပေးနိုင်သည့် လေ့ကျင့်ရေးတပ်နေရာများကို သိထားပါက ချိတ်ဆက်၊ ရုန်းထွက်အားကောင်းလာမည် ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်ပြော

စစ်သင်တန်းပေးနိုင်သည့် လေ့ကျင့်ရေးတပ်နေရာများကို သိထားပါက ချိတ်ဆက်၊ ရုန်းထွက်အားကောင်းလာမည် ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်ပြော

1394
Photo: SAC

မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်မှုထမ်းဥပဒေကိုအသုံးချသော စစ်ကောင်စီ၏ အတင်းအကြပ်အင်အားစုဆောင်းခံ‌ရသူ လူငယ်များ အနေဖြင့် စစ်သင်တန်းခေါ်ယူပြီးနောက် လေ့ကျင့်ရေးပေးနိုင်သည့် တပ်တည်နေရာများကို သိရှိထားပါက ထိုနေရာဒေသရှိ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်၍ ရုန်းထွက်အားကောင်းလာနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မြို့များရှိ စစ်ကောင်စီ၏စစ်အခြေခံလေ့ကျင့်ရေးတပ်-စခတ စုစုပေါင်း (၁၁)တပ်နှင့် စစ်တန်းမြှင့်လေ့ကျင့်ရေးကျောင်း-တတက စုစုပေါင်း(၁၄)တပ်စာရင်းအား ပြည်သူ့ပန်းတိုင်အဖွဲ့က ယမန်နေ့ မတ်လ ၂၁ ရက်နေ့က အသေးစိတ်ထုတ်ပြန်ထားပြီးနောက် ထိုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။

“အခုလိုသိထားရင် ဘယ်သင်တန်းကျောင်းတွေမှာ ကိုယ်ရောက်နိုင်ချေရှိသလဲ ပေါ့။ ဥပမာ ကိုယ့် အတွက်ပြင်ဆင်ဆက်သွယ်ထားလို့ရတဲ့အခြေအနေကို မှတ်သားထားနိုင်မယ် ။ ဒီလိုမှသူနဲ့အနီးဆုံးမှာရှိတဲ့အဆက်အသွယ်တွေကို ကြိုတင်ချိတ်ဆက်ပြီး လုပ်ဆောင်တာမျိုး လုပ်လို့ရတယ်။ နေရာဒေသ ပထဝီအချက်အလက်တွေကိုများများရလာပြီဆိုရင် ရုန်းးထွက်နိုင်အားကောင်းလာမယ်” ဟု ပြည်သူ့ပန်းတိုင်၏အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုနောင်ရိုးက ပြောသည်။

စစ်ကောင်စီက တပ်သားသစ်များကိုလေ့ကျင့်ပေးရာတွင် စခတ တပ်များကို အသုံးပြုခြင်းဖြစ်ပြီး တတက ကျောင်းများမှာ တပ်ခွဲတပ်မများ စစ်ရေးလေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်ရန်အသုံးပြုခြင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့၏ ပြောပြချက်အရ သိရသည်။

သို့ရာတွင် ပျှမ်းမျှအားဖြင့် အပတ်စဥ်တစ်ခုလျှင် လူအယောက်(၅,၀၀၀)ထောင်နှုန်းကို လေးလ တာခေါ်ယူမည်ဆိုပါက သင်တန်းသား (၂၀,၀၀၀) ရှိမည်ဖြစ်သောကြောင့် လုံခြုံရေးအရ တတက ကျောင်းများသို့ တပ်သားခွဲထုတ်လေ့ကျင့်နိုင်သည်ဟု ယူဆရကြောင်း ကိုနောင်ရိုးကဖြည့်စွက်ပြောသည်။

Photo: SAC

၎င်းက “စစ်အခြေခံလေ့ကျင့်ရေးတွေအတွက် ပြည့်စုံတာက အဲဒီနေရာတွေမှာပဲဖြစ်တယ် ။ လက်ရှိလူအင်အားအပြည့်အဝရလာပြီဆိုရင်တော့ တစ်နေရာမှာ အင်အားစုထားတာကို သူတို့ရဲ့ထိန်းချုပ်နိုင်စွမ်းနဲ့ချိန်ဆမယ်လို့ ထင်တယ်။ လိုအပ်ရင် စစ်တပ်က သူတို့ရဲ့စစ်အခြေစိုက်တပ်တွေမှာလည်း လေ့ကျင့်ရေးလုပ်နိုင်မယ်လို့ ယူဆရတယ်” ဟု သူက ဆိုသည်။

ပြည်သူ့ပန်းတိုင်ဘက်က ထုတ်ပြန်လာသော လေ့ကျင့်ရေးကျောင်းများ၏နေရာစာရင်းအရ ရန်ကုန်တိုင်း ဒေသကြီးရှိ ဖောင်ကြီး၊ တိုက်ကြီးမြို့များအပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း၊တောင်ပိုင်းနှင့်မြောက်ပိုင်း)ရှိ ပင်လောင်း၊ လားရှိုး၊ ကျိုင်းတောင်၊ တန့်ယန်း၊ ကျိုင်းတုံမြို့များအပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများ လည်း ပါဝင်နေကြောင်း တွေ့ရသည်။

ထို့အတူ စစ်မှုထမ်းစာရင်းသွင်းခံရသူများအနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့်ကြိုတင်ချိတ်ဆက်ထားရုံသာမက မိမိရောက်ရှိသွားမည့် တပ်ဖွဲ့၊ နယ်မြေအခြေအနေနှင့် စစ်ရေးအချက်အလက်များအား ပေးပို့ရန်နှင့် ရှေ့တန်းသို့ အပို့ခံရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလံဖြူထောင်၍ပူးပေါင်းကြရန်တို့ကိုလည်း CDM စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အရေးကိစ္စများကိုအကူအညီပေးနေသော ပြည်သူ့ပန်းတိုင်အဖွဲ့ က အသိပေးထားသည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း စစ်ကောင်စီ ၏စစ်မှုထမ်းဥပဒေကို အတတ်နိုင်ဆုံးရှောင်ရှား၍ တော်လှန်ရေးအဖွဲ့များသို့ ပူးပေါင်းကြရန် ထုတ်ပြန်တိုက်တွန်းထားသည်။