Home သတင်း သောင်ရင်းမြစ်ဘေး၊ ပလော့တပို့ စစ်ရှောင်စခန်းတွင် စစ်ရှောင် ၃၀၀၀ နီးပါးထပ်တိုးလာသဖြင့် အစားအသောက်နှင့် နေရာထိုင်ခင်းလိုအပ်နေ

သောင်ရင်းမြစ်ဘေး၊ ပလော့တပို့ စစ်ရှောင်စခန်းတွင် စစ်ရှောင် ၃၀၀၀ နီးပါးထပ်တိုးလာသဖြင့် အစားအသောက်နှင့် နေရာထိုင်ခင်းလိုအပ်နေ

815
Photo: CJ

မတ်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် သင်္ဃန်းညီနောင်ဒေသ ကျေးရွာများကို စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သောင်ရင်းမြစ်ဘေးရှိ ပလော့တပို့ ယာယီစစ်ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ နီးပါး ထပ်တိုးရောက်ရှိခိုလှုံလာကြသည့်အတွက် စားသာက်စရာနှင့် နေရာထိုင်ခင်း လိုအပ်နေကြောင်း သိရှိရသည်။

မတ်လ ၇ ရက်က စတင်ဖြစ်ပွားသည့် သင်္ဃန်းညီနောင် ကျေးနယ်အတွင်းက စစ်တပ်တပ်ရင်းများ၊ စစ်စခန်း များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပါင်းတပ်များ တိုက်ပွဲ ဖြစ်နေချိန် အတွင်း စစ်တပ်လေကြောင်းက နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေခြင်းကြာင့် အနီးအနား ကျေးရွာ ၈ ရွာက ဒေသခံများနီးစပ်ရာ မြဝတီမြို့ဘက်နှင့် ဖလူး-ဝေါလလမ်းပိုင်းရှိ ပလော့တပို့ စစ်ဘေးရှောင်စခန်းဘက်ကို ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်သည်။

စစ်ရှောင်ကူညီသူတစ်ဦးက “ထပ်ရှောင်တာတွေကတော့ ဖလူးလေး၊ ဖလူးကြီး၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီးပေါ့ ၊ မဲကနယ်၊ ကွင်းကလေး၊ ညီနောင်ဘက်ကလည်း လာတယ်ဆိုတော့ လူများလာတာပေါ့။ ဝှေ့ရှမ်း၊ မဲပလဲ ဘက်ကတော့ ရွှေကုက္ကိုလ်၊ ဝမ်းဖာဘက်ရှောင်ကြတယ်။ အခုလို အပ်တာကတော့အခြေခံစား သောက်ကုန်နဲ့ဆေးဝါး၊ ဆေးတွေကသွေးတိုး၊ ဆီးချို၊ နှလုံးအဲ့ဒီဆေးတွေကတော့အများကြီးလိုအပ်တယ်။ နေတအားပူတော့ လူကြီးတွေ မခံနိုင်ကြဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

မတ်လ ၇ ရက်နေ့မှစပြီး သင်္ဃန်းညီနောင်ကျေးရွာဘက်နှင့် ဖလူးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြကာ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မတ်လ ၁၀ ရက်နေ့မှစပြီး ပလော့တပို့၊ တောင်ယာကြီး၊ ကြို့ပင်၊ ဘုရားကုန်း၊ ကွီးညမု၊ ကဆောဝါးလေး၊ မယ်ထော်သလေး၊ ဗိုလ်ဖားဘိ ဂိတ်က ဒေသခံမိသားစုများ ထပ်မံရောက်လာပြီး ပလော့တပို့စစ်ရှောင်စခန်းတွင် လာရောက်စစ်ရှောင်နေကြကြောင်း သိရသည်။

“အခုက တိုက်ပွဲပြန်ဖြစ်ကြတော့ အကုန်ပြန်ပြီး စစ်ရှောင်ရတယ်။ လေးကေ့ကော်ဘက်၊ ရသေ့ဂူဘက်ကို လေယာဉ်လာကြဲတယ်။ အဲတော့ KNU နဲ့ DKBA လူကြီးတွေက ထီးမယ်ဝါခီး၊ မင်းလက်ပံ၊ လေးကေ့ကော်၊ ဖလူး ကြီး၊ ဖလူးလေးရွာတွေမှာ တိုက်ပွဲပြန်ဖြစ်ရင် ဒေသခံတွေထိခိုက်မှာကို စိုးရိမ်လို့ ပြောင်းရွှေ့ခိုင်းတာ ”ဟု စစ်ဘေး ရှောင် ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ မယ်ဝါးခီးရွာသားတစ်ဦးကလည်း “ဖလူးလေးကော၊ ဖလူးကြီးကော၊ မယ်ဝါခီးကောရှောင်ရ မယ်ဆို လို့ရှောင်ရတာ။ လိုအပ်တာတွေတော့ အများကြီးပဲ။ အပင်အောက်တွေမှာနေတယ်။ သောင်ရင်း မြစ်ဘေးခြုံပင် တွေ အောက်မှာနေတယ်။ အရိပ်မရှိတော့ ဒီရက်ထဲမိုးကရွာမယ်ဆိုတော့ နေစရာမရှိဘူး။ အခုလေးကေကော်၊ မယ်ဝါးခီးက လူတွေတစ်ယောက်မှမရှိတော့ဘူး။ လေးကေကော်ထဲမှာလည်း တစ်ယောက်မှမရှိကြဘူး” ဟု ပြောသည်။

ထိုသို့ မြဝတီ၊ လေးကေကော်၊ သင်္ဃန်းညီနောင်ဒေသအတွင်း တိုက်ပွဲရက်ရှည် ဖြစ်ပွားနေသည့်အတွက် မြဝတီမြို့ နေထိုင်သူများလည်း တိုက်ပွဲကူးစက်လာပြီး လေကြောင်းဗုံးကြဲချခံရမည့်အရေး စိုးရိမ်ပူပန်မှုများ မြင့် တက်နေကြောင်း၊ မြဝတီမြို့တွင်း တိုက်ပွဲများဖြစ်မည့် သတင်းများပျံ့နှံ့နေသည့်အပါ် စစ်တပ်လက်အောက်မှ ခွဲထွက်မည် BGF- နယ်ခြားစောင့်တပ်များ မြဝတီမြို့တွင်း ကင်းလှည့်နေကြောင်း မြို့ခံများက ပြောသည်။