Home သတင်း သင်္ဃန်းညီနောင် စစ်ဗျူဟာ၊ ခမရ ၃၅၆၊ ၃၅၇ တပ်ရင်းများဘက် KNLA မဟာမိတ်တပ်များနှင့် တိုက်ပွဲ ပြင်းထန်နေ

သင်္ဃန်းညီနောင် စစ်ဗျူဟာ၊ ခမရ ၃၅၆၊ ၃၅၇ တပ်ရင်းများဘက် KNLA မဟာမိတ်တပ်များနှင့် တိုက်ပွဲ ပြင်းထန်နေ

922
Photo: KNLA

မတ်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့မြောက်ဘက် သင်္ဃန်းညီနောင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း-ခမရ ၃၅၆၊ ခမရ ၃၅၇ ကို မတ်လ ၁၅ ရက်၊ နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း တပ်များ ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်သည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီတပ်၏ တပ်ရင်းနေရာနှင့် တပ်ရင်းရှေ့ကာကင်း တပ်စွဲထားသည့် ဝှေ့ရှမ်းစာသင်ကျာင်းနေရာအား KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်ရှင်းလင်းနေပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

၎င်းသတင်းအရင်းအမြစ်က “၃၅၇ စစ်တပ် နဲ့ ၃၅၆ စစ်တပ်ဝှေ့ရှမ်းစာသင်ကျာင်းဘက် တိုက်ပွဲ ဖြစ်နေတာ မနက် ၄ နာရီ ကျော်လောက်က စပစ်တာလက်နက်ကြီးတွေ ညီနောင်စစ်ဗျူဟာက ပစ်ထုတ်တာ ရွာထဲက လူတွေ ထိကုန်တယ်။ ရွာထဲက တခြားအိမ်တွေလည်း ထိကုန်တယ်။ အခု ၃၅၇ ဘက်ကို လေယာဉ်လာနေတယ်။ တိုက်ပွဲ ကတော့ ၃၅၆/၃၅၇ တပ်ဝင်းတွေကို နယ်မြေရှင်းနေပြီတော့ ကြားတယ်။ ”ဟု ပြောသည်။

ထို့အပြင် သင်္ဃန်းညီနောင် ခြေချစစ်ဗျူဟာ စစ်စခန်းဘက်တွင်လည်း တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွား နေသည့်အတွက် စစ်တပ်လေကြောင်းက လာရောက် ဗုံးကြဲ ပစ်ခတ်ပစ်ကူပေးတိုက်ခိုက်နေကြောင်း အဆိုပါ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုသည်။

Photo: KNLA

“အခု ညီနောင်ဗျူဟာကို ဆက်ပြီးလုံးနေတယ်။ လေယာဉ်က ဗုံးကြဲတယ်။ ပစ်ချတယ်။ သူတို့ ကုန်းကိုကပ်လာပြီး တိုက်မရအောင်ပေါ့။ စစ်တပ်လက်နက်ကြီးကတော့ ဆက်တိုက်ပစ်ချနေတာ ဝှေ့ရှမ်း၊ မဲပလဲ၊ ဇရပ်ဖြူကုန်း၊ ခြေတော်ရာတောင်ဘက်ကို ကျတယ်”ဟု ပြောသည်။

နှစ်ဘက်တိုက်ပွဲကြောင့် ဝှေ့ရှမ်းကျေးရွာ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၇ ထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အသက် ၇၀ ကျော်အရွယ် အဖွားတစ်ဦးနှင့် အသက် ၄၀ ကျော်ရွာသားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့သလို ၄ ဦး ထိခိုက်ဒဏ်ရရှိသည်ဟု ဒေသခံများ၏ ကောက်ခံထားသည့် စာရင်းအရ သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြင်းပြင်းထန်ထန်လုပ်ဆောင်သည့်အတွက် ဝှေ့ရှမ်းရွာသားများမှာ နေအိမ်တွင်းမထိုင်ရဲကြတော့ဘဲ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ကြရကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိ မြဝတီမြို့အထွက် သင်္ဃန်းညီနောင် အာရှလမ်းပိုင်း၊ ကုန်သွယ်ရေးဇုန် နေရာများကို ကရင်နယ်ခြား စောင့် တပ် BGF က လမ်းပိတ်ထားပြီး မြို့တွင်းတွင်လည်း ကင်းလှည့်စောင့်ကြပ်မှုရှိနေကြောင်း မြဝတီ မြို့ခံများ ပြောစကားအရ သိရသည်။