Home သတင်း မြန်မာနိုင်ငံတွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု ဦးဆောင်သူ စောကျော်အေး၏ ဈာပန ပြုလုပ်ပြီးစီး

မြန်မာနိုင်ငံတွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု ဦးဆောင်သူ စောကျော်အေး၏ ဈာပန ပြုလုပ်ပြီးစီး

979
Phot: Original Uploader

မတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး လေယာဉ် ပြန်ပေးဆွဲမှုတွင် ဦးဆောင်သူ ကရင်အမျိုးသားကာကွယ်ရေးတပ်တော် (KNDO) တပ်ဖွဲ့ဝင်ဟောင်း စောကျော်အေး အသက်(၁၀၂)နှစ်၏ ဈာပနကို ဖေဖော်ဝါရီလ ၂၉ ရက် ယမန်နေ့ တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အသက် (၁၀၂) နှစ်ရှိ စောကျော်အေးသည် ဖေဖော်ဝါရီလ ၂၇ရက်၊ ည ၉နာရီအချိန်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့ရှိ ၎င်း၏နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ခရစ်ယာန်ထုံးထမ်းအစဉ်လာအရ စောကျော်အေး(ခ) ဇွန်အေး၏ ကျန်ရှိသည့် ရုပ်ကလာပ်ကို ယမန်နေ့ က ရွှေပြည်သာမြို့နယ် ကျူချောင်ခရစ်ယာန်သင်္ချိုင်း၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်ဟု သူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “အဖိုးရဲ့ ရွှေပြည်သာနေအိမ်မှာပဲ ကွယ်လွန်သွားတယ်။ လူကြီးရောဂါနဲ့ပါပဲ။ ဈာပနကတော့ မနေ့က ဂူသွင်းသင်္ဂြိုဟ်လိုက်ပါပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

စောကျော်အေးသည် ရန်သူထံလက်နက်ချအညံ့ခံပြီးသည့်နောက်ပိုင်းမှစ၍ တော်လှန်ရေး စိတ်ဓာတ်မရှိတော့ သော်လည်း မျိုးချစ်စိတ်အပြည့်ရှိသူဖြစ်ကြောင်း၊ အမျိုးသားရေးကိစ္စနှင့်ပတ်သက်၍ ကူညီလမ်းကြောင်းပြ မှုရှိခဲ့ကာ ယခင်က ရန်သူ၏အခြေအနေလမ်းကြောင်းများကို ပြန်လည်ပြောပြခဲ့ခြင်းရှိခဲ့ဖူးကြောင်းလည်း စောကျော်အေးနှင့် ရင်းနှီးခဲ့သူ လက်ရှိကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောသည်။

Phot: Original Uploader

ပဒိုစောသမိန်ထွန်းက “ သူက စွန့်စားတဲ့နေရာမှတအားကြီး တော်တယ် ။ အခုက လေယာဉ်ပျံတိုက်တာ တစ်ခုရှိတာမကပဲ အရင်တုန်းက ပုဏ္ဏားပျံ ဆိုတာက စစ်သင်္ဘောတစ်ခုရှိတယ်လေ။ အဲဒီ ပုဏ္ဏားပျံ တိုက်တုန်းက သူကတိုက်တော့ ရသွားတာကိုး၊ ရသွားတဲ့အခါကျတော့ အဲဒီတုန်းက ပုဏ္ဏားပျံကျော်အေး ဆိုပြီး နာမည်ထွက်တယ်ကွ။ ပုဏ္ဏားပျံကျော်အေးကနေ လေယာဉ်ပျံတိုက်တော့ လေယာဉ်ပျံကျော်အေးဖြစ်သွားပြန်။ သူက သတ္တိတော့ရှိတယ်၊ အကောင်ကသေးသေးပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တောင်ပေါ်ဒေသတွင် ဂျပန်စစ်သားများ၏ ကျန်ရစ်ခဲ့သည့် လက်နက်ခဲယမ်းများကို သွားရောက်ရှာ ဖွေကာ ဧရာဝတီတိုင်းကို ပြန်လည်သယ်ဆောင်ရန် ရည်ရွယ်၍ ကရင်တော်လှန်ရေးအတွက် လုပ်ဆောင်သည့် အ နေဖြင့် ၁၉၅၄ခုနှစ်၊ ရန်ကုန်မှ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့သို့ သွားသည့် ခရီးစဉ်တွင် စောကျော် အေး ဦးဆောင်ပြီး စောသိန်းကျော်နှင့် စောအငြိမ်းတို့ လိုက်ပါသွားကာ လေယာဉ်ပြန် ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကရင့်တော်လှန်ရေးခေါင်းဆောင်များက ပြောသည်။

ကရင်တော်လှန်ရေးအတွက် အဆိုပါ လေယာဉ်ပျံ ပြန်ပေးဆွဲသည့်ရည်ရွယ်ချက်အတိုင်း မအောင်မြင် သည့်အတွက်ကြောင့် ၁၉၅၆ခုနှစ်တွင် ရန်သူစစ်အစိုးရထံ လက်နက်ချ အညံ့ခံလိုက်ပြီးနောက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် အေးဆေးစွာနေထိုင်ကာ ဘာသာရေးအလုပ်ကိုသာ ဦးစားပေးလုပ်ဆောင်နေခဲ့သူတစ်ဦးဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

သူကွယ်လွန်ချိန်တွင် သားသမီး ၃ ဦး၊ မြေး၉ ဦးနှင့် မြစ် ၁ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။