မတ်လ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်တွင် လေးရက်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် ဒေသခံရွာသား ၃ ဦးအသက်သေဆုံးပြီး ၅ ဦးဒဏ် ရာရရှိကာ ပြည်သူပိုင်အိုးအိမ်ပစ္စည်းဥစ္စာအများအပြားလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။
မူးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သည့်အပြင် လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်မှုများပါ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ဒေသခံတစ်ဦးက”ဒီရက်ပိုင်းမှာစစ်ကောင်စီတွေ အင်အားအလုံးအရင်းနဲ့တက်လာပြီး လက်နက်ကြီးတွေ လေယာဉ်နဲ့ပါလာပစ်နေတယ်။ မြေပြင်မှာတော့ ရွာသားတွေဖမ်းပြီးသတ်ဖြတ်တာရှိတယ်။ အိမ်တွေက မီးရှို့ ဖျက်ဆီးတာရှိတယ်။ တစ်ချို့အိမ်ဆို ဟောင်ဝစ်ဇာနဲ့ပစ်လို့ မီးလောင်တာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသာမက အရပ်သားပြည်သူများအပေါ် ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများအားလုံး စိုးရိမ်ကြောက်လန့်ကာ ထွက် ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း စစ်ရှောင်များကို ကူညီပေးသူတစ်ဦးက ယခုလို ပြောသည်။
“စစ်ကောင်စီက ရန်သူတစ်ခုထဲကို ရည်ရွယ်တာမဟုတ်ဘူး၊ အရပ်သားပြည်သူအပေါ်ရော ရည်ရွယ် ချက်ရှိရှိ လုပ်နေတာ။ ဘာဖြစ်လဲဆိုတော့ တိုက်ပွဲမဖြစ်လည်း လက်နက်ကြီးရော လေယာဉ်နဲ့ပါ နေ့ နေ့ညည လာပစ်နေတယ်။ ပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီးထွက်ပြေးတိမ်းရှောင်ရတော့ ဒုက္ခရောက်နေတယ်” ဟု ၎င်း စစ်ရှောင်ကူညီသူက ပြောသည်။

ဆက်လက်၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခရောက်ပြည်သူများကို ကူညီထောက်ပံ့မှုပေးသော်လည်း လုံလောက်မှုမရှိသည့်အပြင် စစ်ကောင်စီတပ်သည် သွားလာရေးလမ်းကြောင်းများ ပိတ်ထားသဖြင့် ဒေသခံများ ကူညီထောက်ပံ့ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်မှုနှင့် လေကြောင်း သုံးတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ (၂)ရက်အထိ ၄ ရက်အတွင်း ဒေသခံပြည်သူ (၃) ဦးသေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် (၁၃) လုံး၊ ထင်းစင် (၁) စင်၊ နွားတင်းကုတ် (၉) လုံး၊ လှည်း (၆) စီး၊ ထွန်စက်အသေး (၂) စီး၊ ဆိုင်ကယ် (၁) စီး၊ စပါးကျီ (၅) လုံး၊ စပါးကြိတ်စက် (၁) လုံး အင်ဂျင် (၃) လုံး၊ စက်ဘီး (၂) စီး၊ ဂိုဒေါင် (၁) လုံး၊ စပါးအိတ် (၁၀၀၀) နှင် မတ်ပဲခင်းများ မီးလောင် ပြာကျခဲ့ရသည့်အပြင် နေအိမ် (၆)လုံးမှာ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။



















