မတ်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန်အတွက် ရပ်ကွက်အလိုက် လူဦးရေစာရင်းကောက်ခံကာ ဆင့်ခေါ်မှုများ ပြုလုပ်နေပြီးဖြစ် ကြောင်း မြို့ခံများထံမှ သိရသည်။
ယခုမတ်လ ဒုတိယအပတ်မှ စတင်ပြီး စစ်မှုထမ်းရန် အရွယ်ရောက်ရှိပြီးသားသူအဖြစ် မှတ်ပုံတင် စာရင်းသွင်း နိုင်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်ရုံးများမှ ဆင့်ခေါ် စာများကိုရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ပို့ဆောင်မှုများ ပြုလုပ်နေပြီးဖြစ်ကြောင်း ထားဝယ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“အခုဆင့်ခေါ်စာတွေ အကုန်ရောက်လာပြီး စုပေါင်းရုံးတွေကနေ ပို့တာပေါ့။ နိုင်ငံခြားကို ရောက် နေတဲ့သူတွေလည်းပါတယ်။ ဖောင်ဖြည့်ပြီးတဲ့သူတွေကလည်း မဖြစ်မနေ စုပေါင်းရုံးကို သတင်းပို့ ရတယ်။ အကယ်၍ ဖောင်ဖြည့်ပြီး စုပေါင်းရုံးကို သတင်းမပို့ဘူးဆိုရင်တော့ ထောင်ချခံရမယ်။ အဲ့လို ခြိမ်းခြောက်တာတွေတော့ ရှိတယ်ပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နာမည်စာရင်း ကောက်ခံရာတွင်လည်း ထားဝယ်မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် သင်္ဘော ဆိပ်ရပ်ကွက်၊ တလိုင်းထိန်ရပ်ကွက်၊ တလိုင်းမရပ်ကွက်၊ ဆင်ဆိပ်ရပ်ကွက်နှင့် အနောက်မြို့တွင်း အစရှိသည့် ရပ်ကွက်များတွင် ကောက်ခံနေပြီး အသက်(၃၅)နှစ်ကျော် အရွယ်များလည်း ပါဝင်ကာ အလှည့်ကျ မဲနှိုက်စနစ်ဖြင့် လူရွေးချယ် သွားမည်ဖြစ်ကြောင်း ဒေသခံများ ကပြောသည်။
အဆိုပါ လူစာရင်း ကောက်ခံမှုများကို ထားဝယ်မြို့တွင်သာမက လောင်းလုံးမြို့နှင့် ရေဖြူမြို့ရှိ ရပ် ကွက်များတွင်ပါ စတင်ကောက်ခံနေပြီးဖြစ်ကြောင်း လောင်းလုံးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ စပြီးတော့ ကောက်နေပြီး ဒီဘက်မှာကတော့။ တချို့မိဘ တွေကျတော့ ကလေးတွေကို စိတ်ပူပြီး ထိုင်းဘက်တွေကို လွှတ်လိုက်ကြတာတွေ ပိုဖြစ်လာတယ်။ မေနှိုက်ခိုင်းမယ်လို့ပြောတယ်။ အစည်းအဝေးလည်း မခေါ်တေ့ာဘူး။ တိုက်ရိုက်ဘဲစာတွေ ပို့တော့ တယ်အိမ်တွေကို။” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင်ပြီး ပြည်သူ့စစ်အဖွဲ့များ ထောက်ပံ့နိုင်ရေးဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များက သတ်မှတ်ထားသည့် အိမ်များမှ တစ်အိမ်နှစ်သောင်းကျပ်နှုန်းဖြင့် ကောက်ခံမှုများပြုလုပ်နေကြောင်း မြိတ်မြို့ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။



















