Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေရ

စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေရ

191
Photo: (Kwakalu)

မတ်လ ၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့မှစတင်ပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်သောကြောင့် မောင်မယ်ရှောင် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

မောင်မယ်ရှောင် ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်ကတည်းက လက်နက်ကြီးတွေဆက်တိုက်ပစ်နေတော့ ရွာထဲမှာ နေမရတော့ဘူး။ အဲ့ဒါကြောင့် အမျိုးအိမ်တွေ မြို့ပေါ်က အခန်းတွေမှာ လိုက်ငှားပြီးနေနေရတယ်။ တချို့ဆို လည်းအိမ်ကပစ္စည်းတွေ သိမ်းပြီး လွတ်ရာကို ထွက်ပြေးကြရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့ မွန်းလွဲပိုင်းအချိန် စစ်ကောင်စီ၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မောင်မယ်ရှောင် ရွာအတွင်း နှင့် ရှင်ဓာတ်ဝဲဘုရားဝန်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ နှစ်ဦး ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိအချိန်တွင်လည်း တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများ အားကောင်းသည့်နေရာများသို့ အဓိက ပစ်မှတ်ထားပြီး လေကြောင်းဖြင့် တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိသောကြောင့် မေတ္တာမြို့ရှိ နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုနှင့် ကြုံတွေ့နေရ ကြောင်းလည်း အရှေ့တောနယ်ဒေသရှိ ဒေသခံတစ်ဦးက ပြောသည်။

Photo: (Kwakalu)

“အရှေ့တောနယ်မှာက တော်လှန်ရေးတပ်ဖွဲ့တွေက အားကောင်းတယ်လို့ ပြောရမယ်။ အဲ့ဒီနေရာတွေကို စစ်တပ် က ပိုပြီးတိုက်ခိုက်နေတာ။ မြေပြင်ကနေ မနိုင်တော့ လေကြောင်းကနေ တိုက်ခိုက်နေတာ။ အဲ့လိုတွေလုပ်တော့ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်းရွာတွေမှာ ဆေးရုံ၊ ဓမ္မရုံ၊ ဘုန်းကြီးကျောင်း၊ ဗလီတွေ နေအိမ်တော် တော် ပျက်စီးကုန်တယ်။”ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ပြောသည်။

လတ်တလောတွင်လည်း ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ ဒေသခံ အရပ်သားပြည်သူ ထောင်နှင့်ချီ စစ်ရှောင်နေရပြီး ထောက်ပံ့မှုအကူအညီများ လိုအပ်လျက်ရှိ သည်ဟု စစ်ရှောင်ကူညီသူများက ပြောဆိုသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်ဘက်တွင် သွားရောက်တိမ်းရှောင်ကာ ထိုင်းတာဝန်ရှိသူများဘက်မှ နိုင်ငံအတွင်း ဝင်ခွင့်မပြုသည့်အတွက် နယ်စပ်ကျေးရွာများတွင် အဆင်ပြေသလို ခိုလှုံနေထိုင်ကြရပြီး လက်ရှိတွင် အရေးပေါ် အကူအညီအများလိုအပ်နေကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြော ဆိုထားသည်။