မတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ(၆) တပ်မဟာစစ်ကြောင်း ဦးဆောင် သောတော်လှန်ရေးပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့များ မြဝတီမြို့နယ်သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ် ရင်း (ခမရ-၃၅၅) စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအများအပြားကို KNLA ဗဟိုက ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကစ(၁၂)လက်အောက်ခံ (ခမရ -၃၅၅)စခန်းကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် ၈ နာရီကျော်အကြာတွင် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် RPG ၊ NATO စက်လတ်အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း (၁၂၇)လက် ၊ 60mm ၊ 81mm လက်နက်ကြီးစိန်ပြောင်းမျိုးစုံ(၁၃)လက် ၊ ၎င်းလက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရမိကြောင်း KNLA ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ခမရ ၃၅၅ စခန်း တိုက်ခိုက်သိမ်းယူပြီး ၄ ရက်အကြာ မတ်လ (၁၁)ရက်နေ့တွင်လည်း မြဝတီမြို့တောင်ပိုင်းရှိ ဖလူးစစ်ကောင်စီတပ်စခန်းကို (KNLA) ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။




















