Home သတင်း ကော့ကရိတ်မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း KNU ပြော

ကော့ကရိတ်မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း KNU ပြော

636
Photo: CJ

မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ပြည်သူလူထုများ၏ နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပြောဆိုလိုက်သည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ကော့ကရိတ်မြို့ပေါ်ရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်က ယခုလို ခပ်စိပ်စိပ်မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်လာခြင်းသည် တော်လှန်ရေးအင်အားစုများ ပြုလုပ်သယောင် ဖန်တီးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ကော့ကရိတ်မြို့နယ် အတွင်းရေးမှူးက ယခုလို ပြောသည်။

ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒိုမန်းမြအေးက”စကစက ဒါကိုပစ်မှတ်ထားပြီးလုပ်လာတာ တဖြည်းဖြည်းနဲ့စိပ်လာတယ်။ ဒါက တော်လှန်ရေးအင်အားစုက လုပ်ဆောင်သယောင် ဖန်တီးပြီး တော်လှန်ရေး အင်အားစုတွေအပေါ် ပြည်သူတွေ အမြင်မှားအောင် သတင်းကို ပြောင်းပြန် ဝါဒဖြင့်လုပ်တာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်

ကော့ကရိတ်မြို့ရှိ ပြည်သူလူထုများ၏ နေအိမ်အဆောက်အအုံများ နေ့စဉ် မီးရှို့ဖျက်ဆီးခံမှုတွင် တော်လှန်ရေး အင်အားစုများက လုပ်ဆောင်သည်ဟု စစ်ကောင်စီ ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝါဒဖြန့် ပြောဆိုနေသော်လည်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးနေမှုနှင့်ပတ်သက်၍ သက်သေအထောက်အထား အပြည့်အစုံရှိကြောင်း ပဒိုမန်းမြအေးက ဆက်ပြောသည်။

“ကျနော်တို့ ပြောချင်တာက စကစဘက်က သတင်းထုတ်ပြန်တာက သူတို့ဆိုက်ဝါးအ‌နေနဲ့ပဲဖြစ်တယ်။‌ ဒေသခံပြည်သူအားလုံးက ဘယ်သူလုပ်လဲဆိုတာအားလုံး‌ ဝေခွဲလို့ရပါတယ်။ ပြည်သူတွေကို ကျနော်တို့ ဘယ်လိုကူညီပေးနေတာလဲဆိုတာလည်း ပြည်သူသိပါတယ်။ စကစရှို့ပါတယ်ဆိုတာ သက်သေအပြည့်အဝနဲ့ရှိပါတယ်။ “ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

Photo: CJ

ကော့ကရိတ်မြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖွဲ့စလုံးနေရာယူထားသည့်အတွက် နေ့စဉ်လိုလို ပြည်သူပိုင်နေအိမ်များမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်ဖြစ်စဉ်မှာ မည်သူမည်ဝါက လုပ်ဆောင်သည်ကို အတိအကျမသိရှိရကြောင်း ‌ကော့ကရိတ်မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့ခံတစ်ဦးက “မြို့ထဲမှာက စစ်တပ်ကော၊ တော်လှန်ရေးတပ်ဖွဲ့ကောရှိနေတော့ ဘယ်သူ လုပ်လဲမသိရဘူး။ ပြည်သူတွေအများစု ခန့်မှန်းတာက အဲ့လိုလုပ်တတ်တာက စစ်ကောင်စီပဲရှိတယ်။ အခုက ဒရုန်းလည်း နှစ်ဖက်လုံးအသုံးပြုကြတယ်။ တိုက်ပွဲလည်း မြို့ထဲမှာဖြစ်တော့ လက်နက်ကြီးထိပြီး မီးလောင်နိုင်တာပဲ”ဟု ပြောသည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် အမှတ်(၆)ရပ်ကွက်ရှိ နေအိမ်အလုံး (၂၀)ကျော် ထပ်မံမီးလောင် ပျက်စီးခဲ့သလို ယနေ့ မတ်လ ၁၂ ရက်နေ့တွင်လည်း အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်များ ဆက်လက်မီးလောင်ကျွမ်းနေ ဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား သုံးလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေသည့် ကော့ကရိတ်မြို့ပေါ်တွင် မြို့ခံပြည်သူများ၏ နေအိမ်အလုံးပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယခုအချိန်အထိ မီးငြှိမ်းသတ်သူမရှိဘဲ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်ဟု ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။