Home သတင်း လာမည့် ပညာသင်နှစ်တွင် ကျောင်းသားသစ်လက်မခံတော့ကြောင်း ဆာသူးလေရွှေ့ပြောင်းကျောင်း ထုတ်ပြန်

လာမည့် ပညာသင်နှစ်တွင် ကျောင်းသားသစ်လက်မခံတော့ကြောင်း ဆာသူးလေရွှေ့ပြောင်းကျောင်း ထုတ်ပြန်

226

မတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်း တစ်ကျောင်းဖြစ်သည့် ဆာသူးလေအထက် တန်းကျောင်းတွင် သတ်မှတ်ထားသည့် ကျောင်းသားဦးရေထက် ကျော်လွန်သည့်အတွက် လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသူ/သားသစ်များ လက်မခံတော့ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ပညာရေးဌာန၏ စိစစ်ချက်အရ ဆာသူးလေစာသင်ကျောင်းတွင် ကျောင်းသားဦးရေ အလွန်များပြားပြီး လုံလောက်သည့် စာသင်ခန်းကျောင်းဆောင်များမရှိသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ကျောင်းသူ/သား သစ်များလက်ခံရန် အခက်အခဲရှိလာခြင်းဖြစ်သည်ဟု ကျောင်း၏ဒါရိုက်တာဖြစ်သူ ဆရာမ နော်ဖောရေက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ကျမတို့မှာ ကျောင်းသားဦးရေအရမ်းများတော့ သင်ရမယ့်နေရာလည်း မလုံလောက်တော့ဘူး။ တစ်ဖက် ကပြန်ကြည့်ရင်လည်း ထိုင်းနိုင်ငံပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတော့ဘူး။ အဲဒါကြောင့် ထိုင်း ပညာရေးဌာနက ကျမတို့ကျောင်းမှာ ကျောင်းသားဦးရေလျှော့ခိုင်းလိုက်တာ ဖြစ်တယ်။ ”ဟု ပြောသည်။

ဆာသူးလေကျောင်းကို ထိုင်းပညာရေးဌာနက ကျောင်းသား/သူ ဦးရေ ၈၀၀ ဦးသာ သင်ကြားခွင့် ပေးထားသော် လည်း ၂၀၂၃-၂၀၂၄ နှစ်တွင် ပညာသင်ကြားခွင့်မရသည့် ရွှေ့ပြောင်းကျောင်းသားဦးရေ တစ်ထောင်ကျော်အထိ လက်ခံခဲ့၍ သတိပေးခြင်းခံခဲ့ရသည့်အတွက် ယခုလိုကျောင်းသားဦးရေပြန်လျှော့ရခြင်းလည်း ဖြစ်သည်ဟု ကျောင်းဒါရိုက်တာ ဆရာမ နော်ဖောရေက ဖြည့်စွက်ပြောသည်။

“ကျမတို့လည်း နေရာအသစ်ထပ်ရှာမရတော့လို့ ကျောင်းသားအသစ်ကို ထပ်မံလက်ခံလို့မရတော့ တာဖြစ်တယ်။ ကျောင်းနေရာမလုံလောက်တဲ့ပြဿနာနောက်ဆက်တွဲက အများကြီးရှိလာတယ်။ ကျောင်းသားမိဘတွေကို ပြောချင်တာက ဒီနယ်စပ်မှာ ရွှေ့ပြောင်းကျောင်းအများကြီးရှိသေးတယ်။ တခြားကျောင်းမှာ လိုက်ချိတ် ကြည့်လေ့လာကြည့် စေချင်သေးတယ်”ဟု ဆရာမနော်ဖောရေက ပြောသည်။

ထို့အပြင် လာမည့်ပညာသင်နှစ်တွင် ဆာသူးလေကျောင်းရှိ မူကြို KG အတန်းတွင်လည်း အသက်(၄)နှစ်ပြည့်သည့် ကလေးများသာ လက်ခံမည်ဖြစ်သလို အထက်တန်းကျောင်းပြီးစီးသူများအတွက် နိုင်ငံခြားတက္ကသိုလ်တွင် ပညာ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်ထားသည့် GED (General Educational Development) အတန်းကိုလည်း အပြင်ကျောင်းသူ/သားများကို လက်ခံသင်ကြားပေးမှာမဟုတ်တော့ကြောင်းလည်း ဆာသူးလေကျောင်း၏ ကျောင်းသားမိဘထံ အသိပေးထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ ဖို့ဖရတ်၊ မဲရမတ်နှင့် ထာ့ဆောင်ယန်းမြို့နယ်တို့တွင် ၂၀၂၃-၂၄ ပညာသင်နှစ်က မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၆၃ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၁၄,၆၂၇ ဦး ပညာသင်ကြား နေကြပြီး ထိုအထဲတွင် ဆာသူးလေအထက်တန်းကျောင်းမှာ ကျောင်းသူ/သား ဦးရေ ၈၉၃ ဦးရှိသည်ဟု Migrant Educational Coordination Center -MECC ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။