မတ်လ ၂၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဖာပွန်မြို့ရှိ စစ်ကောင် စီ၏ တပ်ရင်းများကို မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်၏ မတ်လ ၁၈ရက်နေ့က သတင်းထုတ်ပြန် ချက်အရ သိရသည်။
KNLA တပ်များနှင့်် ဒရုန်းတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ တပ်ရင်းစခန်းများကို တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သောကြောင့် မူတြော်ခရိုင် အတွင်းရှိ မြိုနယ် (၃)မြိုနယ် အနှံ့တွင် ဂျက်တိုက်လေယာဉ်ဖြင့် တရက်လုံးကုန်ပျံဝဲ ကင်းထောက်မှုများလုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။
၎င်းအပြင် ပြီးခဲ့သည့် မတ်လ(၁၈)ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်လည်း ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ လူသောမြို့နယ် ဘောသေထာအုပ်စုရှိ ပတ်လားကျေးရွာအတွင်းသို့ (၁၂၀ မမ) လက်နက်ကြီးကျည် နှစ်လုံးဖြင့်် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူပိုင်ကျွဲး တစ်ကောင်သေဆုံးပြီး ၂ ကောင်ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု KNU၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် KNLA ၏ ကာလရှည်ကြာ ထောက်ပို့လမ်းကြောင်း ပိတ်ဆို့ထားမှုများကြောင့် ယခုနှစ် ၂၀၂၄ နှစ်ဆန်းပိုင်းမှစ၍ နှစ်လကျော် ကာလအတွင်း နှစ်ပေါင်း ၂၀ နီးပါးအခြေချ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်စခန်း ၃ ခု စခန့်စွန့်ခွာမှုများပြုလုပ်ခဲ့ရသည်။
ထို့အတူ ဖာပွန်မြို့တွင် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားများလည် လည်ပတ်နိုင်မှု မရှိတော့သည့်အပြင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ရင်းစခန်း၊ ဌာနဆိုင်ရာရုံးများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့က ဘက်ပေါင်းစုံဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ခိုက်နေလျက်ရှိသည်။
ထိုသို့ ဖာပွန်မြို့တွင် ယခင်ကလို လမ်းပန်းဆက်သွယ်ရေးအဆင်မပြေခြင်း၊ အလုပ်အကိုင် ရှားပါး လာခြင်းနှင့် နှစ်ဖက်တိုက်ပွဲမကြာခဏဖြစ်ပွားနေမှုများကြောင့် ဒေသအတွင်းမှ အရပ်သား ပြည်သူများလည်း နေရပ်စွန့်ခွာပြီး ပြည်ပထွက်သွားကြသူများရှိသလို အခြားသော ဒေသများသို့ပြောင်းရွေ့နေထိုင်သွားသူများလည်ရှိသည်ဟု ဖာပွန်မြို့ခံတစ်ဦးက ပြောဆိုသည်။
၎င်းက “ဖာပွန်မြို့မှာက အယောက်တစ် ထောင်တောင်ပြည်ပါ့မလာမသိဘူး။ အရင်ကလိုလည်း ကုန်းလမ်း ရေလမ်း အလုပ်တွေကမရှိတော့ဘူး။ တစ်နေရာရာသွားမယ်ဆိုလည်း ထီးသဲလေး လမ်း မဟုတ်ရင် ဘီးလင်း လမ်းဘက်ကနေ ပတ်ပြီးသွားရတယ်။ တော်တော်များများ ကတော့ ရှိတဲ့အိမ်ခြံ ရောင်း ထိုင်းတက်ကြတယ်။ တချို့အဆင်မပြေတဲ့မိသားစုကြတော့ မြို့ပြောင်းပြီး နေလိုက်တာပေါ့။ တစ်ခြားရွာဘက်တွေမှာတော့ နေတဲ့သူ တွေရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီတပ်၏ တပ်စခန်းအများစုကို KNLA ပူးပေါင်း တပ်ဖွဲ့များက မကြာခဏပူးပေါင်းတိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က အရပ်သား နေအိမ်များတွင် ရိက္ခာယူဆောင်ခြင်း၊ နေအိမ်အတွင်း မွှေနှောက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများကို ပြုလုပ်နေ သည်ဟု ဖာပွန်မြို့ခံများက ပြောဆိုသည်။



















