Home ဆောင်းပါး ပိတခကျေးရွာက ဂုဏ်ပြုပွဲနဲ့ ပတ်သက်လို့

ပိတခကျေးရွာက ဂုဏ်ပြုပွဲနဲ့ ပတ်သက်လို့

477
Photo: (ပိုင်ကျုံ KYO)

ပိတခကျေးရွာက ဂုဏ်ပြုပွဲနဲ့ ပတ်သက်လို့

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်)

ပြီးခဲ့သော မတ်လ ၇ရက် နေ့စွဲနဲ့ ကျနော်တို့ (KIC)သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများ သတိပြုမိလိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သတင်းခေါင်းစဉ် “ကေအဲန်ယူနှင့် ကရင်လက်နက်ကိုင်အ ဖွဲ့များက ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် စောရောဂျာခင်အတွက် ဂုဏ်ပြုပွဲပြုလုပ်” ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

ဒီသတင်းကိုဖတ်ရတော့ အံ့ဩမှုနဲ့ဝမ်းသာမှုကို ဒွန်တွဲခံစားရပါတယ်။ အံ့ဩမိတဲ့အပိုင်းက ဒီကနေ့လို တစ်ပြည်လုံးနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေချိန် ဖားအံခရိုင်၊ တပ်မဟာ (၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ပိတခကျေးရွာမှာ ဒီလို အခမ်းအနားတစ်ခုကို ဘေးမသီရန်မခဘဲ အေးအေးဆေးဆေး ကျင်းပသွားနိုင်တဲ့အတွက် အံ့ဩ ရတာပါ။ (စကစ)စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ စစ်လေယာဉ်တွေက မထင်ရင် မထင်သ လို ရမ်းသမ်းပစ်ခတ်၊ ဗုံးကြဲနေတဲ့အချိန် မဟုတ်ပါလား။ နေ့ည အချိန်မရွေး မထင်ရင် မထင်သလို ပစ်ခတ်နေတာ မဟုတ်ပါလား။ ဒီတော့ ကျနော် အံ့ဩရပါတယ်။

ဝမ်းသာရတဲ့အပိုင်းကတော့ ဒီလိုပါ။ ကေအဲန်ယူဥက္ကဋ္ဌ(ဟောင်း) ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ကာကွယ်ရေး ဌာနမှူး(ဟောင်း) ပဒိုစောရောဂျာခင်တို့ နှစ်ဦးကို ကေအဲန်ယူနှင့် ကရင်လက်နက်ကိုင်အဖွဲ့များက အတူတကွ ဂုဏ်ပြု ကြတယ်ဆိုတဲ့ကိစ္စက ဝမ်းသာကြည်နူးစရာပဲ မဟုတ်ပါလား။

ကရင်တွေအချင်းချင်းအကြားမှာ အခြားတစ်သီးပုဂ္ဂလ အကျိုးစီးပွားဆိုင်ရာတွေမှာ ကွဲချင်သလို ကွဲလို့ရပေ မယ့် (ကွဲလည်းကွဲနေကြပေမယ့်) “ကရင်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိစ္စ” မှာတော့ ဘယ်လိုမှ ကွဲလွဲလို့မရဘူးလို့ ထင်ပါတယ်။ “စောဘဦးကြီး မူ(၄)ချက်”ဆိုတာ ကရင်တွေအကြားမှာ ဘယ်လိုမှ ကွဲလွဲ စရာ၊ ခြွင်းချက်ပြုစရာမလိုတဲ့ အခြေခံမူတွေပဲ မဟုတ်ပါလား။

ပြီးတော့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ပဒိုစောရောဂျာခင်တို့ နှစ်ဦးဟာလည်း သူတို့ရဲ့ ဘဝအစိတ်အပိုင်းအ ချိန်အများစုကို ကေအဲန်ယူ ကရင်တော်လှန်ရေးထဲမှာ မြှုပ်နှံလုပ်ကိုင်ခဲ့ကြဖူးတဲ့ ဖြတ်သန်းမှုကိုယ်စီရှိကြတဲ့ ဝါရင့်ခေါင်း ဆောင်တွေလည်း ဖြစ်နေတယ်မဟုတ်ပါလား။ ဒီတော့ ဒီလိုခေါင်းဆောင်တွေ၊ ဒီလိုလူကြီးတွေကို နောက် လက်ရှိတာ ဝန်ထမ်းဆောင်ဆဲ မျိုးဆက်တွေ၊ မျိုးဆက်သစ်တွေက အလေးထားတယ်။ လေးစားဂုဏ်ပြုတယ်ဆိုတာဟာ အင်မတန် ဝမ်းသာကောင်းတဲ့စရာကိစ္စပဲ မဟုတ်ပါလား။

ဒီနေရာမှာ ဖြတ်ပြောချင်ကိစ္စတစ်ခု ရှိပါတယ်။ ကရင်တွေ အချင်းချင်းကွဲနေသမျှ “ကရင်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိစ္စ”ဟာ အလှမ်းဝေးနေမြဲ ဝေးနေမှာပါ။ နောက်တစ်ခုက ကရင်လူမျိုးဟာ အခြားသော အဖိနှိပ်ခံ လူမျိုးပေါင်းစုပြည်သူများနဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများနဲ့ ထိထိရောက်ရောက် လက်မတွဲ နိုင်သေးသမျှ မညီညွတ်နိုင်သေးသမျှ “စောဘဦးကြီး မူ(၄)ချက်” ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါ ဘူး။ ဒီကောက်ချက် မှန်သလား/မှားသလားဆိုတာကို (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ကရင်တော်လှန်ရေး (၁၉၄၉-၂၀၂၄)ဆိုတဲ့ ဖြတ်သန်းမှုခရီးရှည်ကြီးက အထင်အရှား သက်သေခံနေပါတယ်။ ဖြတ်သန်းခဲ့တဲ့ (၇၅)နှစ်တာ ခရီးထဲက အချို့သော အချိုးအကွေ့တွေမှာ အုပ်စိုးသူ ရန်သူရဲ့ အချိုသပ် လှည့်ဖြားမှုအောက်မှာ ခေါင်းဆောင်တချို့ တပ်ဖွဲ့တချို့ မိခင်ကေအဲန်ယူအဖွဲ့အစည်းကနေ ပဲ့ထွက်/ကွဲထွက်/ခွဲထွက်သွားကြဖူးပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲ ပဲ့ထွက်/ကွဲထွက်/ခွဲထွက်သွားပါစေ (၁၉၄၉ ခုနှစ်ကနေ ယနေ့အထိ) ဘယ်အစိုးရ လက်ထက်မှာပဲဖြစ်ဖြစ် တကယ့်လက်တွေ့မှာတော့ “ကရင်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ကိစ္စ”လည်း အကောင်အထည်ပေါ်မလာခဲ့သလို “စောဘဦးကြီး မူ(၄)ချက်”လည်း ဖြစ်မြောက်မလာခဲ့ပါ။ ပဲ့ထွက်/ ကွဲထွက်/ခွဲထွက်သွားတဲ့ ခေါင်းဆောင်တချို့၊ မိသားစုတချို့ ချမ်းသာချင်ချမ်းသာသွားကြပါလိမ့်မယ်။ ကရင်လူမျိုး အပါ အဝင် လူမျိုးပေါင်းစုံပြည်သူများကတော့ ဒုံရင်း ဒုံရင်းပဲ မဟုတ်ပါလား။

Photo: (ပိုင်ကျုံ KYO)

ဒီလို ပကတိအဖြစ်မှန်ကို ကရင်တိုင်းက လေးလေးနက်နက်၊ ကြည်ကြည်လင်လင် မြင်အောင်ကြည့်ကြဖို့ လိုအပ်ပါတယ်။ ယခင် အုပ်စိုးသူများနည်းတူ ဗိုလ်မင်းအောင်လှိုင် ဦးစီးတဲ့ ယနေ့(စကစ)စစ်အုပ်စုကလည်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်ဖိနှိပ်မှုနဲ့ လှည့်စားလိမ်ညာမှုကို ထင်သလို ပြုကျင့်နေဆဲဖြစ်ပါတယ်။ အုပ်စိုးသူအဆက်ဆက်ဟာ ကရင်အချင်းချင်းကိုလည်း သွေးခွဲရန်တိုက်ကြသလို ကရင်နဲ့ အခြားလူမျိုးပေါင်းစုံ ပြည်သူ များနဲ့လည်း သွေးခွဲရန်တိုက်ပါတယ်။ ဒါဟာ သူတို့ လက်တွေ့ပေါ်လစီပါ။ သူတို့ အုပ်စိုးမှုအာဏာကို အဲဒီလို “အကြမ်း ဖက်ဖိနှိပ်မှု၊ လှည့်စားလိမ်ညာမှုနဲ့ သွေးခွဲရန်တိုက်ပေးမှု” ဆိုတဲ့ ဖိုခနောက် သုံးခုနဲ့ အရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ထားတာပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒီအခမ်းအနားမှာ ပြောကြတဲ့ စကားတွေနဲ့ပတ်သက်ပြီး လူငယ်(အမျိုးသမီး)တစ်ဦးရဲ့မှတ်ချက်ကို သတင်းထဲကနေ ဒီလို ဖတ်ရပါတယ်။

“တကယ်လေးစားဂုဏ်ပြုထိုက်တဲ့ ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးတာမျိုးဆိုရင်တော့ ဒါက ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။ ဒါပေမဲ့ အခမ်းအနားတစ်လျှောက်လုံး ပြောသွားတာတွေမှာ ကျမ ခံစားမိသလောက်က လူထုကို အတင်းကြီး ငြိမ်းချမ်းရေးကို ချစ်ခိုင်းတယ်။ တကယ်လို့ သူများက စစ်မျက်နှာဖွင့် တိုက်ခိုက်နေရင်တောင် မထောက်ခံ ဖို့ပါ ပြောသွားတာ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဒီလူငယ်(အမျိုးသမီး)ရဲ့မှတ်ချက်စကားအပေါ် ကျနော်က အခုလို ဖြည့်စွက်ချင်ပါတယ်။ လူငယ်ပီသတဲ့ သူ့ခံစားချက်ကို ကျနော်အလေးထားတယ်။

သူ့မှတ်ချက်ထဲက “တကယ်လေးစားဂုဏ်ပြုထိုက်တဲ့ခေါင်းဆောင်” ဆိုတဲ့ စကားက ဒီနေရာမှာ အရေးကြီးဆုံး ပါပဲ။ ဆိုလိုချင်တာတော့ ရန်သူနဲ့ အလိုတူအလိုပါ သို့မဟုတ် ရန်သူ့အလိုကျ မပြောဆို၊ မလုပ်ကိုင်တဲ့ ခေါင်းဆောင်မျိုး လို့ ဆိုလိုချင်တာပါ။ တနည်းအားဖြင့် “ကရင်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ စောဘဦး ကြီး မူ(၄)ချက်”အပေါ်မှာ ခိုင်ခိုင်မာမာ၊ လေးလေးနက်နက်၊ တည်တည်ကြည်ကြည် စွဲကိုင်ရပ်တည်စေချင်တဲ့သဘော ကို သူက ပြောချင်တာဖြစ်လိမ့်မယ်လို့ ကျနော်က ယူဆပါတယ်။

တကယ့်ဂုဏ်ပြုထိုက်တဲ့ ခေါင်းဆောင်မျိုး (တာဝန်ထမ်းဆောင်ဆဲဖြစ်စေ/ တာဝန်မှ အနားယူသွားသူဖြစ်စေ) ဟာ ဘယ်လိုအချိုးအကွေ့မှာပဲဖြစ်ဖြစ် ဒီ ၂ချက်ကို လက်လွှတ်ပြီး မိမိစိတ်ဆန္ဒသဘောအလျှောက် ထင်သလို ပြောဆို လုပ်ကိုင်လို့ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။

ပြီးတော့ ဒီလို ဂုဏ်ပြုခံစင်မြင့်ပေါ်ကနေ “ငြိမ်းချမ်းရေးကို ဇွတ်ချစ်ခိုင်းနေတာနဲ့ သူများက စစ်မျက်နှာဖွင့် တိုက်ခိုက်နေရင်တောင် မထောက်ခံဖို့” ပြောဆိုသွားတာကလည်း တက်ရောက်လာတဲ့ လူထုပရိသတ်နဲ့ ဒီဂုဏ်ပြုခံစင် မြင့်ကို သရော်စော်ကားတဲ့သဘောမျိုး သက်ရောက်သွားတယ်လို့ မြင်ပါတယ်။

“ငြိမ်းချမ်းရေး”ကို ဘယ်နေရာကမဆို ပြောဆိုရမှာပါ။ ငြိမ်းချမ်းရေးကို ပြောဆိုတဲ့နေရာမှာ ပထမ အချက်က အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ လက်ငင်းလက်တွေ့ကြုံတွေ့ရင်ဆိုင်နေရတဲ့ အသက်ဘေးကနေ လွတ်ရာလွတ် ကြောင်း ပြေးလွှားပုန်းခိုနေရတဲ့ လက်တွေ့ဘဝတွေကို စာနာတဲ့ ရှေ့ရှုတဲ့ ရပ်တည်တဲ့ဘက်ကနေ ရဲရဲဝံ့ဝံ့ ပြောဆိုရ မယ်။ ဒုတိယအချက်က တိုင်းပြည်နဲ့အဝန်းမှာ မဆင်မခြင် အကြမ်းဖက် ပစ်ခတ်ဗုံးကြဲနေတဲ့ လုပ်ရပ်တွေနဲ့ ထိုသို့သော လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မရပ်မနား လုပ်ဆောင်နေသူတွေကို တိတိကျကျ အမည်တပ် ဖော်ပြပြီး အဲဒီ လို အကြမ်းဖက်လုပ်ရပ်တွေကို မဆိုင်းမတွ ရပ်စဲဖို့ပါ ထည့်သွင်း ပြောဆိုဝံ့ရပါလိမ့်မယ်။

Photo: (ပိုင်ကျုံ KYO)

တတိယပြောချင်တဲ့ အချက်ကတော့ “သူများက စစ်မျက်နှာဖွင့် တိုက်ခိုက်နေရင်တောင် မထောက်ခံဖို့” ဆိုတဲ့ အချက်ပါပဲ။ ဒါဟာ မြန်မာနိုင်ငံတဝန်းက အခြားသော အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း များ၊ ခုခံဆင်နွှဲနေတဲ့ တော်လှန်ရေးတိုက်ပွဲတွေကို မျက်စိမှိတ်ဆန့်ကျင်ဖို့ သွေးဆောင်တဲ့၊ သွေးခွဲတဲ့ စကားမျိုးဖြစ်နေ ပါတယ်။ ကျနော်တို့ဟာ အဖြစ်အပျက်တစ်ခုကို ကျကျနန လေ့လာပြီးမှ ကောင်း/ဆိုး ဝေဖန်ချက် သို့မဟုတ်” ထောက် ခံအားပေးတာ သို့မဟုတ် ကန့်ကွက်တာမျိုး ပြုလုပ်ရမှာပါ။

ဒီလိုမှမဟုတ်ဘဲ (စကစ) သတင်းစာတွေထဲမှာတွေ့ရသလို ဖြစ်ရပ်တစ်ခုဖြစ်တာနဲ့ “ဟိုအဖွဲ့ ဟိုအသင်း ဟိုပါ တီ”တွေက ဗိုလ်ဇော်မင်းထွန်းတို့ စိတ်ဓာတ်စစ်ဆင်ရေးက ချပေးတဲ့အတိုင်း “၏/သည်မရွေး” ကြေညာချက် ထုတ်ပြန် ကြရတဲ့ ရုပ်သေးအဖွဲ့တွေ၊ ခါးပိုက်ဆောင်အဖွဲ့တွေလို ပြုမူလုပ်ဆောင်လို့ မဖြစ်ပါဘူး။ မိမိတစ်ဦးချင်းဖြစ်စေ၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းတစ်ရပ်ဖြစ်စေ မိမိအမြင်နဲ့သဘောထားကို အခြားသူတစ်ဦးတစ်ယောက်က၊ အဖွဲ့တစ်ခုခုက ကြိုး ကိုင်စေခိုင်းတာမျိုး၊ စိတ်ကြိုက်ဖန်တီးခြယ်လှယ်တာမျိုးဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်၊ မဖြစ်ထိုက်ပါဘူး။

“ရပ်တည်ချက်နဲ့ သဘောထားအမြင်” ဆိုတာ လွတ်လပ်စွာ၊ တည်ကြည်စွာ၊ တာဝန်ယူမှုရှိစွာ ပြောဆိုရတာ ဖြစ်ပြီး ပြောဆိုထားတဲ့အတိုင်းလည်း လိုက်နာကျင့်သုံးရတာပါ။ “ဒီလိုပြော – ဒီလိုကြေညာ – ဒီလိုထုတ်ပြန် – ဒီမှာလက် မှတ်ထိုး”ဆိုတဲ့ သူတစ်ပါး ဩဇာခံဘဝကျရောက်သွားလို့ မဖြစ်ပါဘူး။

၁၉၄၉ ခုနှစ်ကနေ ဒီကနေ့အထိ ကျနော်တို့ ကရင်တွေတစ်လျှောက်လုံး ခိုင်ခိုင်မာမာ၊ စွဲစွဲမြဲမြဲ၊ တိတိကျကျ တောင်းဆိုတိုက်ပွဲဝင်နေတာဟာ “တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဖြစ်ပါတယ်။ သူများနှာခေါင်းနဲ့ အသက်ရှူဖို့၊ သူများပြောတဲ့အတိုင်း သံယောင်လိုက်ပြောဖို့ လုံးဝ(လုံးဝ) မဟုတ်ပါဘူး။

ကျနော်တို့ဟာ တာဝန်ထမ်းဆောင်ဆဲနဲ့ တာဝန်ကအနားယူသွားတဲ့ ကျနော်တို့ခေါင်းဆောင်တွေကို ကြည့်မြင် အကဲခတ်တဲ့နေရာမှာ၊ ဝေဖန်တဲ့အခါမှာ သူတို့ဖြတ်သန်းမှုတွေကို တစ်ဖက်မှာ တန်ဖိုးထား လေးစားရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း သူတို့အပြောအဆိုနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေဟာ ကရင်တော်လှန်ရေးအခြေခံမူတွေ ဖြစ်တဲ့ “တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ စောဘဦးကြီးမူ (၄)ချက်”တို့ကနေ သွေဖည်တာ ဖောက်ဖျက်တာ တွေ၊ တိမ်းစောင်းတာ၊ ယိမ်းယိုင်တာတွေ တွေ့မြင်ကြားသိရရင် ထိထိမိမိ ဝေဖန်ရမှာပဲဖြစ်ပါတယ်။
အုပ်စိုးသူ(ရန်သူ)က “ဂုဏ်ပြုတယ်/ဘွဲ့တံဆိပ်ပေးတယ်” ဆိုတာ နည်းမှန်လမ်းမှန်နဲ့ သွေးရိုးသားရိုး ဖြစ်ဖို့ လိုအပ်ပါတယ်။

ပြည်သူတွေအတွက် တော်လှန်ဆင်နွှဲနေသူတွေ၊ မိမိသမိုင်းဖြတ်သန်းမှုနဲ့ မိမိကိုယ်ကို မိမိတန်ဖိုးထား လေးစား သူတိုင်းက ကိုယ့်လည်ပင်းမှာ ပြည်သူ့အသက်သွေးတွေ စွန်းထင်းပေကျံနေတဲ့ ဘွဲ့တံဆိပ်တွေ ချိတ်ဆွဲထားဖို့ဆိုတာ တော့ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူး၊ မဖြစ်ထိုက်ပါဘူး။ ရှေ့က ကျဆုံးသွားကြပြီဖြစ်တဲ့ အာဇာနည် သူရဲကောင်းတွေနဲ့ ပြည်သူတွေရဲ့မျက်နှာကို ထောက်ထားငဲ့ညှာရမယ် မဟုတ်ပါလား။ သူတို့အပေါ် သစ္စာစောင့်သိ ရိုသေရမယ် မဟုတ်ပါ လား။