စစ်မှုထမ်း ဥပဒေထောက်ခံပွဲ နောက်ကွယ်က အမှန်တရားများ
အယ်ကလူတော (မတ်လ ၁ ရက် ရက်၊ ၂၀၂၄ခုနှစ်။)
ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲဆိုသည့် ခေါင်းစဉ်ဖြင့် ကရင်ပြည်နယ်၏ မြို့ကြီး ၃ မြို့ဖြစ်သော ဖားအံ၊ လှိုင်း ဘွဲ နှင့် မြဝတီမြို့များတွင် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းဟောင်းနှင့် တပ်ထောက်ခံသူများက ဦးဆောင်ပြီး ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လှိုင်းဘွဲမြို့တွင် ပထမဦးဆုံး ပြုလုပ်ခဲ့သည်။ နောက်နေ့ ၂၇ ရက်နေ့တွင် ဖားအံမြို့၌ ထပ်မံပြုလုပ်ခဲ့ပြီး ၂၈ ရက်နေ့တွင်လည်း မြဝတီမြို့တွင် ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကာ ထောက်ခံပွဲတွင် လူဦး ရေ ၁၀၀ နှင့် ၅၀၀ ဝန်းကျင်ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။
ထောက်ခံပွဲကို အဓိက ဦးဆောင်သူများမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများ၊ အမျိုးဘာ သာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)အဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း- YMBA ဆိုသည့် စစ်တပ်အမာခံ ထောက်ခံသော အဖွဲ့အစည်းခေါင်းဆောင်များက ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။
ဥပဒေ ကြိုဆိုထောက်ခံပွဲဟု ခေါင်းစဉ်တပ် ပြုလုပ်ခဲ့သော်လည်း ထောက်ခံပွဲများတွင် ပါဝင်သူ ဒေသခံများမှာ မိမိ ဆန္ဒအရ ပါဝင်ကြသူ အနည်းစုသာရှိခဲ့ပြီး ပုံစံမျိုးစုံဖြင့် လိမ်လည်ခေါ်ယူခံခဲ့ရသည့် မြို့ ပေါ် မဟုတ်သည့် ကျေး လက်နေသက်ကြီးရွယ်အိုအများစုသာဖြစ်သည်ဟု စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်းနှင့် နီးစပ်သူ များက ပြောသည်။
ဖြစ်စဉ်အားဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လှိုင်းဘွဲမြို့ ပန်းခြံတွင် ပြုလုပ်ခဲ့သည့် ထောက်ခံပွဲတွင် ကျေးရွာအုပ် ချုပ်ရေးမှူးဆိုသူများက အစည်းအဝေးလာရမည်ဟုဆိုကာ ကျေးရွာ တစ်ရွာလျှင် ရွာသား(၁၀) ဦးပါဝင် တက်ရောက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကို ကြိုဆိုရမည်ဖြစ်ကြောင်း ပြောဆိုပြီး ပါဝင်စေခဲ့သည်ဟု ဖြစ်စဉ်ကို အသေးစိတ်သိရှိသူ လှိုင်းဘွဲမြို့ခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
၎င်းက “သူတို့က ရွာကလူတွေကို ပြောတယ်။ အစည်းအဝေးလုပ်မယ်။ တစ်ရွာကို (၁၀) ယောက် လာရမယ်။ ဝန်ကြီးချုပ်ကို ကြိုရမယ်ဆိုပြီး တစ်ရွာကို ၁၀ ယောက်လာခိုင်းတယ်။ ရွာကလူတွေ ရောက်လာတော့ ဒီမှာက စစ်ဥပဒေထောက်ခံပွဲကြီးဖြစ်နေတယ်။ ရွာသားတွေကို တွေ့တော့ မေးကြည့်တယ်။ ဘယ်သွားမလဲမေးတော့ အစည်းအဝေးလာတာတဲ့ တစ်ရွာကို ၁၀ ယောက်လာရတယ်ဆိုပြီးပြောတယ်။” ဟု ပြောသည်။
ကြိုဆိုထောက်ခံပွဲကို လှိုင်းဘွဲမြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများမှ ပြည်သူ (၅၀၀) ကျော် ပါဝင်ခဲ့သည်ဟု စစ်ကောင်စီထောက်ခံသည့် လူမှုကွန်ယက်စာမျက်နှာများက ရုပ်ပုံနှင့်တကွ ရေးသားဖော်ပြကြသည်။
သို့သော် အစည်းအဝေးရှိသည်ဟူ၍သာ လာရောက်ခဲ့ကြသည့် ကျေးလက်နေပြည်သူများမှာ ပန်းခြံ ရောက်မှ ဥပဒေ ထောက်ခံပွဲဖြစ်နေကြောင်း သိရှိခဲ့ကြသလို အများစုမှာ ကျေးရွာလူထုများသာဖြစ်ပြီး လှိုင်းဘွဲမြို့ခံ ပြည်သူများမှာ စစ်မှုထမ်းဥပဒေ ထောက်ခံပွဲရှိနေသည်ကိုပင် မသိရှိခဲ့ကြကြောင်း ဖော်ပြပါ လှိုင်းဘွဲမြို့ခံ အမျိုးသမီးက ဆက်ပြောသည်။
“သူတို့က ဒီရောက်မှ သိကြတာ။ တချို့ဆိုရင် စာတောင်ကောင်းကောင်းမတတ်ကြတော့ ထောက်ခံပွဲ လုပ်နေတယ်လို့တောင် သိကြတာမဟုတ်ဘူး။ ကျမတို့ မြို့ပေါ်က လူတွေ တော်တော်များမသိကြဘူး။ လိုင်းပေါ်မှာ ပုံတွေတက်လာမှ သိကြတာ။” ဟု ၎င်းလှိုင်းဘွဲမြို့ခံ အမျိုးသမီးက ဆက်ပြောပြသည်။
လှိုင်းဘွဲမြို့ခံ လူထုမပါဝင်ဘဲ မသိနားမလည်သည့် ကျေးလက်နေ ပြည်သူများကို အသုံးချပြီးမြို့၏ ပန်းခြံတွင် ကြိုဆိုထောက်ခံပွဲပြုလုပ်ခြင်းအားဖြင့် လှိုင်းဘွဲမြို့နယ်ပြည်သူများက စစ်မှုထမ်း ဥပဒေကို ထောက်ခံ သယောင်လုပ်ကြံဖန်တီးလိုက်သည်မှာ ထင်ရှားသည်။
၎င်းအပြင် စစ်ကောင်စီအုပ်ချုပ်ရေး၏ လက်ဝေခံဆိုရှယ်မီဒီယာတစ်ခုဖြစ်သည်ဟု ယူဆရသည့် Zwekapin Time ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှ ထွက်ပေါ်လာသည့် ရုပ်ပုံများအရ ထိုထောက်ခံပွဲတွင် ပါဝင်သူအများစုမှာ သက်ကြီးပိုင်းအရွယ်များဖြစ်သလို ကော့လှိုင်းကျေးရွာ ဘုန်းတော်ကြီးလည်း ပါဝင်သည်ဟု ဖော်ပြရေးသားထားသည်။
အဆိုပါ ဖော်ပြချက်ကို ကြည့်ချင်းအားဖြင့် ကျေးလက်နေပြည်သူများကို အသုံးချရန် ဘာသာရေး ခေါင်းဆောင် များသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို စစ်ကောင်စီက ကောင်းကောင်း သိရှိနားလည် ထားသည်။ အကြောင်းကာ ကရင်ပြည်နယ်၏ ကျေးရွာအချို့တွင် ဘာသာရေး ခေါင်းဆောင်များသည် ဒေသအာဏာပိုင်များထက် ပိုမိုဩဇာလွှမ်းမိုးကြသည်မှာ ငြင်းမရသည့် အချက်ဖြစ်သည်။
အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖားအံမြို့တွင် ပြုလုပ်ခဲ့သည့် ကြိုဆိုထောက်ခံပွဲကိုလည်း လူအင်အား ၂၀၀ ကျော် ပါဝင်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ စစ်တပ်အသိုင်းအဝိုင်းမှ မိသားစု များနှင့် ကျေးလက်နေ ပြည်သူများကို ဘာသာရေးပွဲအကြောင်းပြ၍ လိမ်လည်ခေါ်ယူခဲ့သည်ဟု ဖြစ်စဉ်ကို သိရှိခဲ့ သည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်မှုထမ်းဥပဒေကို လူထုက ထောက်ခံကြောင်း ပြသလိုသည့် စစ်ကောင်စီအနေဖြင့် ယခုလို ကျေးလက်နေ ပြည်သူများကို လိမ်လည်ခေါ်ယူ လူစုသည့် နည်းလမ်းအပြင် ဖိအားပေးအကြပ်ကိုင်သည့် နည်းလမ်းကိုလည်း အသုံးပြုခဲ့သေးသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြဝတီမြို့၊ မြစန္ဒီပန်းခြံ၌ ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆို ထောက်ခံပွဲ တွင်လည်း ဦးဆောင်သူများက အဆိုပါ ဥပဒေကိုပင် အသုံးချပြီး စစ်မှုထမ်းဟောင်း မိသားစုဝင်များ နှင့် ရပ်ကွက်နေ အခြေခံလူတန်းစားများကို ခြိမ်းခြောက်ဖိအားပေးပြီး ထောက်ခံပွဲကို ပါဝင်တက်ရောက်စေခဲ့သည်ဟု မြဝတီမြို့ ရေပူရပ်ကွက်နေ စစ်မှုထမ်းဟောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“တစ်အိမ်တစ်ယာက် မလာမနေရတဲ့ လာပြီးပြောတယ်။ တပ်က လူကြီးဟောင်းတွေက မလာရင် အိမ်က လူငယ် တွေ စစ်သင်တန်းစာရင်းပါမယ်ဆိုတာမျိုးလည်း ပြောတယ်။ အမှတ် ၇ ရပ်ကွက်၊ ၆ ရပ်ကွက်၊ ရေပူကုန်းဘက်က ပျံကျနေကြတဲ့သူတွေလည်း လာတက်ရတယ်။” ဟု ယမန်နေ့က ကေအိုင်စီ-ကရင်သတင်းဌာနကို ပြောပြထားသည်။
ထို့အပြင် စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက်အကြပ်ကိုင်သောကြောင့် မိသားစု စားဝတ်နေရေးအတွက် အဓိက ရုန်းကန်ပေးနေရသည့် မိမိသားသမီးများ စစ်မှုမထမ်းရရေးအတွက် အခြေခံလူတန်းစား မိဘများက အဆိုပါ စစ်မှုထမ်းဥပဒေကြိုဆိုထောက်ခံပွဲကို ပါဝင်ခဲ့ရကြောင်းလည်း မြဝတီမြို့ အမှတ် (၅) ကျွန်းတော ရပ်ကွက်နေ ဒေသခံ အမျိုးသမီးကလည်း ပြောသည်။
၎င်းတို့၏ စစ်မှုထမ်း ဥပဒေကို ပြည်သူများက ထောက်ခံကြိုဆိုနေကြောင်း ပြသလိုသည့် စစ်ကောင်စီ အနေဖြင့် ယခုလို ခြောက်ကာမြှောက်တစ်လှည့် မသမာသည့် နည်းလမ်းများဖြင့် ဥပဒေကို ကြိုဆို ထောက်ခံခိုင်း သည်မှာလည်း စစ်အာဏာရှင်၏ ပြယုဂ်အမှန်ကို အထင်အရှား ပြသနေခြင်းသာဖြစ်သည်။
“ဒါကတော့ အကြီးအကျယ်လိမ်လှည်မှုထဲက နောက်ထပ်လုပ်တဲ့ လိမ်လှည်မှုတစ်ခုပဲဗျာ့။ ဒီအဓမ္မ စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်ကတည်းက ပြည်သူလူထုထဲမှာ ဘယ်သူကမှ မတိုက်တွန်းရဘဲနဲ့ ဒီဥပဒေအပေါ်မှာ စိုးရိမ်ကြောက်ကြခဲ့ကြတယ်။ အခုကျ သူတို့ ထုတ်တဲ့ ဥပဒေက မိန်းကလေးတွေ မပါတော့ပါဘူး။ ဘယ်သူတွေဖြင့် မပါတော့ပါဘူးဆိုပြီး လိမ်လည်လှည့်ဖျားပြီး ရှင်းလင်းနေရတဲ့ အထဲမှာ သူတို့ပါသူတို့ ကိုယ့်ရှူး ကိုယ်ပက်နေပြီးဗျာ့” ဟု ကေအိုင်စီ-ကရင်သတင်းဌာန၏ ပင်တိုင်ဆောင်းပါးရှင် မော်ကျော်စွာက မှတ်ချက်ပြု ပြောဆိုသည်။
အထက်ပါ ကြိုဆိုထောက်ခံပွဲတွင် ပါဝင်သူများအနေဖြင့် “တာဝန်အရေး (၃)ပါး တည်တံ့ခိုင်မြဲဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေ အား ကြိုဆိုထောက်ခံကြပါစို့၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအား အပြည့်အဝထောက်ခံ ကြိုဆိုပါသည်၊ တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆို ထောက်ခံပါ သည်နှင့် ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိနေဖို့ စစ်ပညာကိုသင်ကြားစို့ ”စသည့် ပိုစတာများကိုင်ဆောင်ကာ သရုပ်ပြ ဆန္ဒထုတ်ဖော်ပြကြရသည်။
သို့သော် အမှန်စင်စစ် စစ်အုပ်စုအကြိုက် စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံခိုင်းနေသည့် အုပ်ချုပ် ရေးမှူးများ နှင့် အုပ်ချုပ်ရေး အသိုင်းအဝိုင်းက မိဘများကိုယ်တိုင်ကပင် ၎င်းတို့၏ အရွယ်ရောက်ပြီး သားသမီးများကို စစ်မှုမ ထမ်းရရေးအတွက် တစ်ဖက်ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံဖြင့် စေလွှတ်ပို့ဆောင်နေကြကြောင်း ၎င်းတို့အသိုင်းအဝိုင်း နှင့် နီးစပ်သူများက ဝေဖန်ထောက်ပြပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းအတည်ပြုထုတ်ပြန်လိုက်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ညွှန်ကြားချက်များ ပေါ်ထွက်လာပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက် လမ်းကြောင်းများတွင် ရာနှင့်ချီသည့် လူငယ်များနေ့စဉ် စုရုံးရောက်ရှိလာကြပြီး တစ်ဖက်ထိုင်းနိုင်ငံသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာကြသည်သည်ကို အများအသိပင်ဖြစ်သည်။
စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်ရန် နေ့စဉ် လူဦးရေ ၁၀၀ မှ ၅၀၀ အထိရှိသည့် လူငယ်များ ထိုင်း-မြန်မာ နယ်စပ် ဝင်ပေါက်များကို ရောက်ရှိလာကြပြီး တရားမဝင် လူမှောင်ခိုပွဲစားများကို အခကြေးငွေအားဖြင့် ဘတ်ငွေသောင်း နှင့်ချီ မြန်မာငွေအားဖြင့် ကျပ်သိန်းဆယ်နှင့်ချီပေး၍ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်နေကြသည်။
မြန်မာစစ်တပ်သမိုင်းတွင် မကြုံဖူးသည့် အကြီးအကျယ် စစ်ရေးရှုံးနိမ့်မှုကို ကြုံလာရသည့် စစ်ကောင်စီအနေဖြင့် တပ်ဖွဲ့အင်အား ပြန်လည်ရရှိရန် စစ်မှုထမ်းဥပဒေကို ကောက်ကာငင်ကာ အသက်သွင်းလိုက်ခြင်းမှာလည်း ပြည်ပရန်ကာကွယ်ခြင်းထက် ပြည်သူများ၏ အသက်သွေးများကို အသုံးချပြီး အာဏာရှင်စနစ် သက်ဆိုးရှည် စေလိုသည့် လုပ်ရပ်ဖြစ်နေသည်ကို ပြည်သူအများစုကလည်း သဘောပေါက်နားလည်လာကြပြီးဖြစ်သည်။
ယခုလို မသမာသော နည်းလမ်းများကို အသုံးပြုပြီး ၎င်းတို့၏ ဥပဒေကို ပြည်သူများထောက်ခံကြောင်း စစ် ကောင်စီက မြန်မာပြည်သူများနှင့် နိုင်ငံတကာကို လိမ်လည်ပြသလိုသော်လည်း ဖော်ပြပါ စင်စစ်လက်တွေ့ မြေပြင်အခြေအနေများက စစ်ကောင်စီ၏ ကြိုဆိုထောက်ခံပွဲကို ပြက်ရယ်ပြု နေလျက်သာရှိသည်။
——
# အယ်ကလူတော