Home သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဇင်းနှင့်မိတန်ရွာတွင် စစ်ရှောင်လင်မယားနှစ်ဦးသေဆုံးပြီး နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဇင်းနှင့်မိတန်ရွာတွင် စစ်ရှောင်လင်မယားနှစ်ဦးသေဆုံးပြီး နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီး

444
Photo: CJ

မတ်လ ၁၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆)၊ ကော့က ရိတ်မြို့နယ် အဇင်းကျေးရွာနှင့် မိတန်ကျေးရွာသို့ မတ်လ ၁၆ ရက်ယမန်နေ့၊ ညနေ ၅ နာရီခွဲ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်ရှောင်လင်မယားနှစ်ဦးသေဆုံးပြီး လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဇင်းကျေးရွာတွင်ရောက်ရှိနေသည့် ကျိုက်ဒုံမြို့မှ စစ်ရှောင် လင်မယားနှစ်ဦးပွဲချင်းပြီး သေဆုံးသွားသည့်အပြင် လူနေအိမ်များ ပျက်စီးပြီး မိတန်ရွာရေငတ်ကုန်းရှိ မူလတန်းကျောင်းဆောင်တစ်လုံးလည်း ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲဒီလင်မယားက ကျိုက်ဒုံကလူပါ သူတို့က စစ်ရှောင်ရင်း အဇင်းမှာ ပစ္စည်းလာ ရောင်းတာ။ ကားရပ်ထားပြီးအပြင်မှာနေတဲ့အချိန် အဇင်းဘုန်းကြီးကျောင်းရှေ့မှာ လာကြဲ သွားတော့ ထိပြီး ခြေတွေပြတ်ပြီးပွဲချင်းပြီး သေဆုံးသွားတာ။ နောက်ပြီး ကျောင်းသားနှစ်ဦးလည်း ထိသေးတယ်။ တစ်ဦးက တော်တော်ထိခိုက်ဒဏ်ရာများတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ညက ကျိုက်ဒုံစစ်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ တက်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးခဲ့ နောက် စစ်ကောင်စီတပ်က အနီးအနားရှိ ကျေးရွာများတွင် ယခုလိုလေကြောင်းတိုက်ခိုက်မှုများလုပ် ဆောင်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ယခုလို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူ့ကျင့်ဝတ်၊ စစ် စည်းကမ်းနှင့်လည်း ညီညွတ်မှုမရှိသည့် ဆိုးယုတ်သည့် ဗျူဟာဖြစ်ကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ဝေဖန်လိုက်သည်။

၎င်းက “စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရွာတွေထဲ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း တွေမှာ ခိုအောင်းနိုင်တယ်လို့ ခန့်မှန်းပြီး ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်တယ်လို့ ယူဆပါတယ်။ မြို့ ပျက်ရွာပျက် လူထုထိခိုက်သေကြေပျက်စီးအောင် တမင်ရမ်းသမ်း ပတ်ခတ်တိုက်ခိုက်တာတော့ အတော် ဆိုးယုတ်တဲ့ဗျူဟာပဲဗျ၊ ကျနော်တို့ ရဲဘော်တွေက စစ်ကောင်စီတပ်တွေကို လမ်းမှာဖြတ်တိုက်တာ၊ သူတို့စခန်းကို ရန်သူလို့သတ်မှတ်ပြီးဝင်တာဖြစ်တယ်။ စစ်ကောင်စီဘက်ကတော့ လူထုကို အကြောက်တရားဖြစ်အောင် တမင်ပစ်မှတ်ထားပြီးတိုက်ခိုက်တာက လူသားမဆန်ဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

မတ်လ ၁၄ ရက်နေ့က ကျိုက်ဒုံစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံ ခဲ့ပြီး RPG၊ ပွိုင့် 5၊ ငါးကြင်းမြီးစက်သေနတ်အပါအဝင် လက်နက်ငယ်ပေါင်း (၈၆)လက် ၊ ၆၀မမ(၄)လက် ၊ ၈၁မမ(၂)လက် ၊ ၁၂၀မမ (၁)လက် ၊ Drone Gun (၂)လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဗျူဟာစခန်းတက်သိမ်းစဉ် စခန်းစွန့်ခွာ ထွက်ပြေးသွားလွတ်မြောက်သွားသော စစ်ကောင်စီ ထောက်ပို့စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးလည်း ယနေ့နံနက်ပိုင်းတွင် တော်လှန်ရေးပူးတပ်ဖွဲ့ထံ လာရောက် အဖမ်းခံခဲ့သည်ဟုလည်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

ကျိုက်ဒုံမြို့တွင်း တိုက်ပွဲကြောင့် ကျိုက်ဒုံမြို့အပါအဝင် မိတန်၊ မိနန်းအပ်၊ ပူးရေးနှင့် အဇင်းကျေးရွာ အပါအဝင်အနီးနားကျေးရွာရှိ လူထုထောင်နှင့်ချီ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ သည်။

ယခုရက်ပိုင်းတွင် ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေထဲတွင် စစ်ကောင်စီ၏ ကျိုက်ဒုံ ဗျူဟာကုန်းတပ်စခန်းအပါအဝင် သင်္ဃန်းညီနောင်တပ်စခန်းနှင့် ဖလူးတပ်စခန်းသုံးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ တက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ်က ဒူးပလာယာခရိုင်အတွင်း နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့ရာ တစ်ရက် ပျှမ်းမျှ လေယာဉ်အစီးရေ ၂၀ ခန့် တိုက်ခိုက်မှုလုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်တာဝန်ရှိသူက ပြောသည်။