Home သတင်း ကျေးရွာတွင်း စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ချောင်းနှစ်ခွ ရွာသားများနေရပ်မပြန်နိုင်သေး

ကျေးရွာတွင်း စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ချောင်းနှစ်ခွ ရွာသားများနေရပ်မပြန်နိုင်သေး

711

မတ်လ ၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် စစ်ကောင်စီမှ ပြန်လည် အခြေချတပ်စွဲနေထိုင်သောကြောင့် ယခုအချိန်ထိ ဒေသခံလူထုများမှာ နေရပ်ပြန်မနေရဲသေးဘဲ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု ဒေသခံထံမှသိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ လကုန်ပိုင်းကတည်းက ချောင်းနှစ်ခွကျေးရွာထဲကို ဝင်ရောက် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သည် လုံခြုံရေးပိုမိုတင်းကြပ်လာသည့်အပြင် မည်သည့်ရွာသားမှ ကျေးရွာထဲသို့ ပြန်လည် ပြန်လည်ဝင်ခွင့်မပေးသေးကြောင်း စစ်ရှောင်နေသည့် ချောင်းနှစ်ခွဒေသခံများက ပြောသည်။

ရွာခံဒေသခံအမျိုးသမီးတစ်ဦးက “အခုထိပြန်လို့မရသေးဘူး။ ရွာထဲမှာစစ်တပ်တွေအပြည့်ပါပဲ။ စစ်တပ်တွေပဲ ရွာထဲမှာရှိတယ်။ ရွာထဲကို ဘယ်သူမှအိမ်ပြန်ကြည့်မရဘူး။ ပြန်ဝင်မယ်ဆိုရွာ ထဲမှာပဲ နေရမယ် ။ ရွာပြန်ရင် ထွက်လို့မရတော့ဘူး ပြောတယ်။ ပြန်တဲ့လူဆိုရင် တော်လှန်ရေးအဖွဲ့က သူလျှိုပြန်လာလုပ်ခိုင်းတယ် ဆိုပြီးဖမ်းဆီးရိုက်နှက်တာတွေရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နှစ်ဖက်ပစ်ခတ်မှုမရှိသော်လည်း စစ်ကောင်စီတပ်မှ အနီးအနားကျေးရွာထဲသို့ လက်နက်ကြီး မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အပြင် ကျေးရွာထဲရှိ လူနေအိမ်အများအပြားကိုလည်း စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟုလည်း အဆိုပါဒေသခံက ဆိုသည်။

၎င်းက “အခုပြန်ဝင်လာတဲ့စစ်သားတွေကတော့ အားလုံးအသစ်တွေပဲ။ လုပ်ချင်တာလုပ်တယ်။ သူတို့မှာ ရွာထဲနေတာ စားစရာမရှိမှာ သူတို့မပူတော့ဘူး။ ရွာမှာရှိတဲ့နေအိမ်တွေ ဆိုင်တွေထဲမှာ ဆန်၊ဆီ၊ ဆား ကြိုက်သလောက် လိုက်ယူလို့ရတော့ ပစ္စည်းတွေလည်းယူတယ် ၊ နေအိမ်တွေလည်းမီးရှို့ဖျက်ဆီးလိုက်တယ်။ လမ်းဘေးနားနဲ့စျေးနားက အိမ်တွေမီးရှို့လိုက်တာကုန်ပြီး အဲဒါကြောင့် ဘယ်ရွာသားမှရွာထဲကို သူတို့ပြန် ပေးမဝင်ဘူး”ဟု ပြောသည်။

စစ်ရှောင်နေရသည့် ချောင်းနှစ်ခွ ဒေသခံအချို့သည့် ယခင်က လှိုဏ်ဂူထဲတွင် အစုလိုက် သွားရောက်တိမ်း ရှောင်နေကြသော်လည်း လပေါင်းကြာလာသည့်အတွက် ထောက်ပံ့မှု အကူအညီနည်းပါးလာပြီး စားဝတ်နေ ရေးအခက်အခဲရှိလာ၍ နီးစပ်ရာအသိမိတ်ဆွေ နေအိမ်နှင့်ရာဘာခြံများတွင် ပြောင်းရွှေ့နေထိုင်ကာ စားဝတ်နေ ရေးအတွက် ရာဘာခြစ်အလုပ်နှင့် နေ့စားအလုပ်များ ရှာဖွေလုပ်ကိုင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ လကုန်ပိုင်းမှစတင်၍ ချောင်းနှစ်ခွစစ်ကောင်စီရဲစခန်းတွင် ပိတ်မိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကူ တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ပြန်လည် ဝင်ရောက် ကူညီကယ်ထုတ်ပြီးနောက် ကျေးရွာထဲတွင် တပ်ဖွဲ့ဝင်အင်အားအလုံးအရင်း နှင့် တပ်စွဲနေထိုင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ချောင်နှစ်ခွကျေးရွာနှင့် ချောင်းနှခွတံတားဂိတ်နေရာများကိုပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၀ရက် နေ့မှ စတင်၍ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဘက်မှ အများအပြားထိခိုက်သေဆုံးခဲ့သလို စစ်ကူတက်လာသည့် စစ်ကောင်စီတပ်မ(၂၂) လက်အောက်ခံ အင်အား (၅၀)ဦးခန့်ပါစစ်ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ပစ်ခတ်တိုက်သည့်အတွက် ၁၄ ဦးသေဆုံးပြီး ၂၃ဦး လက်နက်ချခဲ့သည်ဟု သိရရသည်။