ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်းက ဖေဖော်ဝါရီလ ၂၇ရက် ယနေ့ နံနက် ပိုင်း တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ထောက်ခံကြိုဆိုပွဲများပြုလုပ်နေကြောင်း ဖားအံမြို့ဒေသခံများက ပြော သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တပ်က အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် ထောက်ခံကြိုဆိုပွဲကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများဦး ဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
” စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ ရွာလူကြီးတွေပေါ့ ။ ဒီထောက်ခံပွဲအတွက် ခေါ်ယူနေတာ။ မနေ့ အစည်းအဝေးခေါ်ပြီး ဒီနေ့ ထောက်ခံပွဲလုပ်တယ်။ “၎င်းအမျိုးသမီးက ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံပွဲကို ဦးဆောင်ပြုလုပ်နေသော်လည်း ၎င်းတို့သားသမီးများကိုမူ ပြည်ပသို့ ပို့ဆောင်ထားကြပြီဖြစ်ကြောင်း၊ ယနေ့ထောက်ခံပွဲတွင် သွားရောက် ပူးပေါင်း ပါဝင်သူများသည် စစ်တပ်ထောက်ခံသူလူအနည်းစုနှင့် နေ့စားအဖြစ် ငှားရမ်းထားသူများသာ ဖြစ်ကြောင်းလည်း အခြားမြို့ခံတစ်ဦးက ပြောသည်။

၎င်းက ” သူတို့က လုပ်ရမယ်ဝင်ရမယ်သာပြောနေတာ။ သူ့တို့ကလေးတွေကျ ဘန်ကောက်လွတ်ကုန်ပြီး။ စစ်ကောင်စီတပ်က ပွဲတစ်ခုခုလုပ်ပြီဆို သူတို့ကို ထောက်ခံတဲ့သူတချို့နဲ့ ငါးထောင်တန်စားတဲ့ လူအချို့က အမြဲတမ်း ထောက်ခံတာပုံမှန်ပဲလေ”ဟု ပြောသည်။
လူအင်အား ၂၀၀ ခန့် ပါဝင်သည့် ယနေ့ ထောက်ခံပွဲတွင် တို့တာဝန်အရေး (၃)ပါး တည်တံ့ခိုင်မြဲဖို့ ပြည်သူ့ စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံကြပါစို့၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအား အပြည့်အဝထောက်ခံ ကြိုဆိုပါ သည်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပါသည်နှင့် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာကို သင်ကြားစို့ စသည့် ပိုစတာများကိုင်ဆောင်ကာ ဖားအံမြို့ မိန်းလမ်းနှင့် ကမ်းနားလမ်းများတွင် လမ်းလျှောက်ချီတက်ခဲ့ကြသည်ဟု သိရသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအပေါ် ပြည်သူလူထုထောက်ခံမှုမရှိတော့သည့်အတွက် စစ်တပ်ထောက်ခံပွဲများ ပြုလုပ်သည့်အခါ ကျေးလက်နေ ရွာသူ/ရွာသားများအား ဘာသာရေးပွဲတော်ပြုလုပ်မည်ဟု လိမ်လည်၍ ခေါ်ယူမှုများ လုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။



















