Home သတင်း ပို့ဆောင်ရေးယာဉ်မရှိသဖြင့် လွတ်ရက်စေ့အကျဥ်းသားများ လွှတ်မပေးသော စစ်ကောင်စီ၏လုပ်ရပ်က ယုတ္တိမရှိကြောင်း PPN တုန့်ပြန်

ပို့ဆောင်ရေးယာဉ်မရှိသဖြင့် လွတ်ရက်စေ့အကျဥ်းသားများ လွှတ်မပေးသော စစ်ကောင်စီ၏လုပ်ရပ်က ယုတ္တိမရှိကြောင်း PPN တုန့်ပြန်

506
Photo- Kantarawaddy Times

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ဇန်နဝါရီလ(၄)ရက်နေ့က လွတ်ရက်စေ့ခဲ့သည့် လွိုင်ကော်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား (၆)ဦးနှင့် အခြားအမှုဖြင့် အကျဥ်းသား(၁၄)ဦး စုစုပေါင်း (၂၀) ဦးအား ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်း မရှိသောကြောင့် ပြန်မလွှတ်ပေးရသေးခြင်းဖြစ်သည်ဟူ၍ ထုတ်ပြန်လာသော စစ်ကောင်စီ၏လုပ်ရပ်သည် ယုတ္တိမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPN) က တုန့်ပြန်ပြောဆိုသည်။

လွတ်ရက်စေ့အကျဥ်းသားများအား ယခုကဲ့သို့ ထောင်အတွင်းဆက်လက် ထိန်းသိမ်းထားခြင်းသည် လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်ကြောင်း ဖေဖော်ဝါရီလ(၃)ရက်နေ့က PPN နှင့် ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်း အရုံးတို့၏ ပူးတွဲထုတ်ပြန်ချက် ထွက်ရှိလာပြီးနောက် စစ်ကောင်စီ၏ သတင်းပြန်ကြားရေးဘက်က ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်းမရှိသေးသဖြင့် လွိုင်ကော်ထောင်မှ လွတ်ရက်စေ့အကျဥ်းသားများအား ဥပဒေပြဌာန်းချက်နှင့်အညီ လက်ခံကျွေးမွေးထားပြီး ထောင်အတွင်း လွတ်လပ်စွာနေထိုင်ခွင့်ပြုထားသည်ဟူသော စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ယုတ္တိမရှိဟု PPN ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ပို့ဆောင်ရေးယာဥ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကျဥ်းသားတွေကို ထောင်ဘူးဝအပြင်ဘက်ထိ ပို့ပေးနိုင်ရင် ထောင်ဘက်က တာဝန်ကျေပြီ။ ကျန်တာကတော့ အဆင်ပြေတာနဲ့မိသားစုဆီပြန်လို့ရတယ်။ ကျနော်တို့ကိုလည်း အိမ်တိုင်ရာ ရောက်လိုက်ပို့တာမျိုး မရှိပါဘူး။ ထောင်ကလွတ်ပေးလိုက်ရင် ဘူးတံခါးကနေ အပြင်ဘက်ကို ရောက် ရင် ထောင်ကဆက်လိုက်လာတာမရှိဘူး။ ကိုယ့်အစီအစဥ်နဲ့ကိုယ်ပဲ၊ ပြီးတော့ သူတို့ကိုယ်တိုင်တောင် ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်နေရတဲ့အနေအထားမှာ အကျဥ်းသားတွေကို ထောင်ထဲမှာ လွတ်လပ်စွာ သွားလာခွင့်ပေးတယ်ဆိုတာ ယုတ္တိလုံးဝမရှိဘူး။” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတွင် အကျဥ်းသားများအား ထောင်အတွင်းကောင်းမွန်စွာ‌ စောင့်ရှောက်ထား သလို အဆင်ပြေစွာ နေရပ်ပြန်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက် နေသည်ဟု ဆိုထား သော်လည်း ဇန်နဝါရီလ(၄)ရက်နေ့မှ ယနေ့အထိဆိုလျှင် အချိန်တစ်လကြာမြင့်လာပြီဖြစ်သည်။

စစ်ကောင်စီဘက်မှ ထိုလွတ်ရက်စေ့အကျဥ်းသားများ၏အခြေအနေအား PPN ဘက်က ထုတ်ပြန်ချက်အရ မီဒီယာများမသိရှိခင် ဦးစွာထုတ်ပြန်ပြောဆိုသင့်ပြီး ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း PPN ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

ထို့အပြင် အကျဉ်းဦးစီးဌာနအနေဖြင့် လွတ်ရက်စေ့အကျဥ်းသားများအား အမြန်ဆုံးလွှတ်ပေးရန်၊ တော်လှန်ရေး တပ်များနှင့်စစ်ကောင်စီတို့ လွိုင်ကော်မြို့အတွင်း စစ်ရေးအရ တင်းမာနေသည့် အခြေအနေတွင် အကျဉ်းသားများ နေရပ်ပြန်နိုင်ရေး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ-ICRCနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး -UNOCHA တို့မှ ကြားဝင်စေ့စပ်ကူညီပေးရန်ကိုလည်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှစတင်ခဲ့သော ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင်ရေးအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယအပတ်က လွိုင်ကော်အကျဥ်းထောင်ကို သိမ်းပိုက်ရရှိရန် ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ အင်အားအများအပြားဖြင့် ထောင်အတွင်း ခံတပ်အသွင်ကူးပြောင်း ခြေကုပ်ယူထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၄၀ ဦးအပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ဦးခန့်ရှိနေသည်ဟုလည်း အကျဥ်းထောင်များနှင့်နီးစပ်သူများက ပြောဆိုကြသည်။