Home သတင်း စစ်တပ် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးဒဏ်ရာ ရရှိပြီး လူနေအိမ် ၁၂ လုံး ထိမှန်ပျက်စီး

စစ်တပ် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးဒဏ်ရာ ရရှိပြီး လူနေအိမ် ၁၂ လုံး ထိမှန်ပျက်စီး

702
Photo-KNU

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဒူးသထူ(သထုံ)ခရိုင်၊ တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်း နှင့် သထုံမြို့ နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းများမှ ကျေးရွာများထဲသို့ ယခုလ ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၄ ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၂ လုံးနှင့် စိုက်ပျိုးခြံမြေများထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အမြှောက်တပ်(အမတ-၄၀၂)နှင့် (အမတ−၃၁၄) တပ်ရင်းစခန်းကုန်း ၂ ခုမှ ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည် ၅ လုံးသည် ညာဓဝယ်ကျေးရွာနှင့် နိုဖားဂေါ်နေရာအတွင်းသို့ ကျရောက်ပေါက် ကွဲ၍ အသက် ၄၂ နှစ်အရွယ် နော်မလှဘောင်၏ ဘယ်ဖက်ဒူးခေါင်းကျည်စ ထိမှန်ဒဏ်ရာရခဲ့ပြီး လူနေအိမ်နှင့် ရာဘာခြံ (၄)ခြံ၊ ကောက်ရိုးပုံ (၁)ပုံ၊ လူနေတဲအိမ် (၂)လုံး မီးလောင်ပြာကျကာ လူနေတဲ (၁)လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နော်မုတုတု၊ ဦးမောင်လက်သီး၊ ဦးစံရွှေ၊ ဦးကာပုံ၊ ဒေါ်နီနီ၊ ဦးသန်းထွန်း၊ ဦးအောင်တင်မြင့်၊ ဦးလှရှည်၊ ဒေါ်ရှစ်ရက်၊ ဦးတီဖိုး၊ ဦး စံရီနှင့် ဦးမီးကျောင်း ၏နေအိမ်များ ထိမှန်ခဲ့ပြီး တီးကျော်ပု တဲအိမ် (၁)လုံး၊ ကောက်ရိုး (၁)ပုံနှင့် စိုက်ပျိုးထားသည့် ငှက်ပျောခင်း (၁)ခင်း၊ စောမောင်ဒုစိုး ရာဘာခြံ (၂)ဧက၊ စောမောင်ချစ်ရွှေ ရာဘာခြံ (၃)ဧက၊ စောကျောဟေးလ ရာဘာခြံ (၅)ဧက၊ စောမောင်ချစ်ဦး ရာဘာခြံ (၅)ဧက စသည့်စိုက်ပျိုးခြံမြေများလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု KNU၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြပါရှိသည်။

Photo- KNU

ယခုလို စစ်ကောင်စီမှ ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ မကြာခဏထွက်ပြေးတိမ်းရှောင်နေရပြီး စိုးရိမ်မှုများနှင့် နေထိုင်နေကြရ ကြောင်းလည်း ဒေသခံကျေးရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ကျမတို့ရွာမှာက လက်နက်ကြီးသံကတော့ ရိုးနေပြီး။ ပစ်လိုက်ငြိမ်လိုက်နဲ့ပဲ ညတိုင်းလိုလိုကြားနေရတယ်။ ဒါပေမဲ့ရွာအပြင် ဘက်ခြမ်းကလူတွေတော့ ပြေးကြတယ်။ ကျမတို့လည်းပြေးလိုက် ပြန်ငြိမ်ရင် အိမ်မှာ နေလိုက်နဲ့ပဲပေါ့။ ရွာထဲက ရာဘာခင်းထဲကိုလည်း ကျည်တွေကျတာရှိတယ်။ လုပ်စားကိုင်စားရတာလည်း အဆင်မပြေတော့ပါဘူး။ ကုန်းစျေးနှုန်းတွေကလည်း မတူတော့ ပိုပြီးခက်တယ်။ ကိုယ့်အိမ် ဘယ်တော့ထိမလဲဆိုတာလည်း စိတ်ပူနေရသေးတယ်လေ”ဟု ပြောသည်။

ထို့အတူ ဘီးလင်းမြိုနယ်၊ ဝင်းတာပန်ကျေးရွာနှင့် အနီးအနားရှိ အရပ်သား ပြည်သူလူထုများ နေထိုင်ရာနေရာ အတွင်းသို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ယခုနှစ် ဇန်နဝါရီလ ၃ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါနယ်မြေများထဲသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့်လေကြောင်းမှတစ်ဆင့် ကျေးရွာ ထဲသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရမှုများရှိနေသလို ယနေ့အချိန်ထိနေရပ်မပြန်ရဲကြသေးဘဲ စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ကေအဲန်ယူက ပြောသည်။